လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ကျောခိုင်းကာ တော်လှန်ရေးတွင် နည်းပြဖြစ်လာသည့် မြန်မာ့လက်ရွေးစင်

လက်ထောက်ညွှန်ကြားရေးမှူးရာထူးကို ကျောခိုင်းကာ တော်လှန်ရေးတွင် နည်းပြဖြစ်လာသည့် မြန်မာ့လက်ရွေးစင်

‘လွယ်လွယ်အရှုံးပေးရင် အကျင့်ပါသွားလိမ့်မယ်’ ချင်းပြည်နယ်တောအုပ်တစ်ခုအတွင်း ရှပ်အင်္ကျီအဖြူ၊ အားကစားဘောင်းဘီအဖြူဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးက အမျိုးသားတစ်ဦးကို လက်တစ်ဘက်ကချုပ်ကိုင်ရင်း လက်တစ်ဘက်ကလည်မြိုကိုထောက်ကာ ခြေထိုးခံရင်း ကျောဘက်မှသည် ဆွဲလှဲပစ်လိုက်သည်။ ပစ်လဲကျသွားသော အမျိုးသားမှာ ချုပ်ထားသည့်လက်တစ်ဘက်က နာကျင်ဟန်ပေါ်သည်။

အမျိုးသမီးကား မြန်မာ့လက်ရွေးစင် ကရာတေးဒို ချန်ပီယံ မိုင်အိုလီဗာယင်းဝှာထောင်းလွယ်ဖြစ်ပြီး အမျိုးသားမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တစ်ခု၏ တပ်သားတစ်ဦးဖြစ်သည်။


အားကစားနဲ့ပတ်သက်လျှင် ဘွဲ့လွန်မာစတာရခဲ့သူ အလားအလာကောင်းသော ညွှန်ကြားရေးမှူးရာထူးကိုစွန့်လွှတ်ခဲ့သော နိုင်ငံတကာပြိုင်ပွဲဆုတံဆိပ်များရှင် မိုင်အိုလီဗာယင်းဝှာထောင်းလွယ်မှာ ယခုတော့ ချင်းတော်လှန်ရေးတပ်များကို ကိုယ်ခံပညာသင်ကြားပေးနေသူဖြစ်လာသည်။

” က ကြီး ခ ခွေး မရေးတတ်ဘဲနဲ့ ဝါကျဖွဲ့လို့မရ၊ စာစီစာကုံးရေးလို့မရသလိုပေါ့။ အခြေခံကတော့ တတ်မှရမယ်။ အဲဒီတော့ Basic တွေကို သင်ပေးတယ်။ ပြီးတာနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအပိုင်း ဦးစားပေးတယ်။ အပြင်မှာလက်တွေ့အသုံးချလို့ရတဲ့ အကြမ်းတိုက်ခိုက်ရေးတွေ သင်ပေးတယ်။ ပြီးတော့ လူဖမ်းနည်းတွေ၊ ချုပ်နည်းတွေပေါ့ လှုပ်လို့မရအောင် အခန့်မသင့်အပြင်မှာ ကျည်ကုန်သွားတဲ့အခါ အခန့်မသင့်ကြုံတဲ့အခါ (ရန်သူကို) ချုပ်ဖို့ရာ အသုံးဝင်နိုင်တယ်လေ။ အဲဒီတော့ ကိုယ်ခံပညာကို Tool တစ်ခုအနေနဲ့အသုံးပြုရင်း စည်းကမ်းနဲ့အမိန့်နာခံတတ်လာအောင်ရယ်၊ ပြီးတော့ ကိုယ်ခန္ဓာကြံ့ခိုင်ရေး အလေးထားပြီးတော့ သင်ပေးနေတယ်။” ဟု သူက မဇ္ဈိမသတင်းထောက်ကို ပြောသည်။

သူမသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အား/ကာ ပညာဌာနခွဲမှာ လက်ထောက်ညွှန်ကြားရေးမှုးတာဝန်ထမ်းဆောင်နေသူဖြစ်ပြီး၊ ရာထူးတိုးဖြင့် ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမှာ ပထမဆုံး ဖွင့်လှစ်မည့် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းမှာ ကျောင်းအုပ်ကြီး အဖြစ်တာဝန်ယူခါနီးအချိန်မှာပဲ စစ်တပ်အာဏာသိမ်းမှုကြောင့် အရာရာကို ကျောခိုင်းဖို့ဆုံးဖြတ်လိုက်တော့သည်။

ထို့နောက် မွေးရပ်မြေဖလမ်းမြို့ကိုပြန်လာခဲ့ပြီး ၊ လူထုသပိတ်တွေမှာပါဝင်ခဲ့သလို CNDF၊ CNA တို့အပါအဝင် ချင်းတော်လှန်ရေးတပ် ရဲဘော်များအတွက် သင်တန်းနည်းပြဖြစ်လာသည်။

” စနစ်မကောင်းတဲ့တိုင်းပြည်မှာ အရာရှိကြီး ဖြစ်ရတာထက် စနစ်ကောင်းတဲ့တိုင်းပြည်မှာ သာမန်လူတန်းစားဖြစ်ရတာ ပိုပြီးတော့ဂုဏ်သိက္ခာရှိပါတယ်။” ဟု ဆယ်စုနှစ် တစ်ခုနီးပါး နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာ ရယူပေးခဲ့သူ မိုင်ယင်းဟွာထောင်းလွယ်က ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများကို ကရာတေးနည်းပညာ သင်ကြားပေးတယ်ဆိုတာ အခုမှတော့ မဟုတ်ပါဘူး။

” အရင်ကတော့ ကရာတေးကို အပြင်မှာ သင်ပေးဖြစ်တယ်ပေါ့၊ ရဲချုပ်ဒိုင်းပြိုင်ပွဲတွေ၊ တပ်မတော် ကြည်း ၊ရေ၊ လေ ပြိုင်ပွဲတွေ ရှိတဲ့အခါမှာကိုယ်တိုင်နည်းပြလုပ်ပေးခဲ့တာပေါ့။ အဲဒီချိန်ကတော့ ဥပဒေဘောင် ထဲကနေ စည်းမျဉ်း၊စည်းကမ်းအတိုင်းလေ့ကျင့်သင်ပေးခဲ့ရတာပေါ့။ အခုကတော့ အဲဒီလို မရတော့ဘူး၊ ” ဟု သူက မပြောသည်။ ကရာတေးတွင် ယှဉ်ပြိုင်မှုပုံစံအစား ထိုးသတ်သည့်ပုံစံကို သင်ပေးရခြင်းကို သူက ညွှန်းသည်။

တိုက်ခိုက်ရေးပညာနှင့်ပတ်သက်လျှင် ဆယ်စုနှစ်များစွာ သူလေ့လာခဲ့သည်။ အသက် ၁၄ နှစ်အရွယ်ထဲက ကျောင်းသားပွဲတော်မှာ ရွှေ တံဆိပ်တွေဆွတ်ခူးခဲ့သူ ယင်းဝှာထောင်းလွယ်သည် မြန်မာ့လက်ရွေးစင်အဖြစ် ၁၉၉၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အာရှပွဲတော်၊ အရှေ့တောင်အာရှ၊အိုလံပစ်လူငယ်ပြိုင်ပွဲများအပါအဝင် ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများတွင် ရွှေ ၃၅၊ ငွေ ၁၀၊ ကြေး ၁၂ ခုထိရယူနိုင်ခဲ့သည်။ ဂျပန်နိုင်ငံ ကရာတေးဒိုအဖွဲ့ချုပ်မှာ သွားရောက်လေ့ကျင့် သင်ကြားခဲ့သူလည်းဖြစ်သည်။

အားကစားပညာရပ်နှင့်ပတ်သက်၍ ၂၀၁၅ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ ကိုရီးယားနိုင်ငံ၊ အင်ချွမ်းမှာ Sports and Business Skill၊ ဂျာမဏီနိုင်ငံမှာ (၂၀၁၅ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ )နှင့် ၂၀၂၀-၂၀၂၁ခုနှစ်မှာ ကိုရီးယားနိုင်ငံ၊ ဆိုးလ်အမျိုးသားတက္ကသိုလ်တို့ကနေ အားကစားနှင့်ဆိုင်တဲ့ဘွဲ့လွန် မာစတာရရှိခဲ့သည်။

” ကျွန်မ နိုင်ငံခြားမှာ ပညာတော်သင်လျောက်တော့ ပညာသင်ဆုတွေရခဲ့တယ်။ တောင်ကိုရီးယားမှာ နှစ်ခါ၊ ဂျာမဏီမှာ တစ်ခါရခဲ့တယ်။ ပညာသင်သွားတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ပညာရေးစနစ်နဲ့ သူတို့ဆီက ပညာရေးက အရမ်းကွာပြန်တယ်။ ဒီမှာက အလွတ်ကျက်ပညာရေးစနစ်နဲ့ သွားနေပြီး သူတို့ ဆီမှာက တွေးခေါ်တတ်တဲ့ အလေ့အကျင့်ကိုသင်ပေးတယ်။ စာအုပ်မှာပြဋ္ဌာန်းထားတာကို အပြင်မှာလက်တွေ့ ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ဘာသာကိုယ်တွေးခေါ်ကြံဆခိုင်းပြီး ဦးနှောက် ကိုချဲ့ပေးတာ။ ဒီမှာကျတော့ ဦးနှောက်ကို အကျဉ်းထောင်ထဲထည့်ပြီး စာကျက်ရသလို ကျက်ရတယ်။ အဲဒီလိုမျိုးပညာရေးစနစ်ကိုကောင်းတယ်၊ မှန်ကန်တယ်ထင်ရင် သူတို့သားသမီးတွေကျတော့ ဈေးကြီးတဲ့International School တွေမှာ ထားတယ်။ ပြည်သူတွေရပိုင်ခွင့်ထဲက ဘဏ္ဍာငွေတွေနဲ့ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းတွေတက်ခိုင်းတယ်။ ဒီလိုမကောင်းတဲ့စနစ်ကြီးအောက်မှာ ဆက်အလုပ်လည်း မလုပ်ချင်တော့ဘူး ” ဟုလည်း သူမကပြောသည်။

” ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေက လစာလုံလောက်မှုမရှိတဲ့အတွက် လာဘ်ပေးလာဘ်ယူတွေလုပ်ဆောင်ကြသလို၊ အရာရှိ၊ အရာထမ်းတွေကိုယ်တိုင် ဈေးရောင်းစားနေရတယ်။ ရုံးချိန်မှာ ရုံးအလုပ်ကိုစိတ်မဝင်စားတော့ဘဲ စားဝတ်နေရေးအတွက် အပိုအလုပ်တွေလုပ်နေကြရတဲ့အတွက် ရုံးလုပ်ငန်းကို ၁၀၀ ရာခိုင်နှုန်း စိတ်မဝင်စားတော့ဘူး။ ဒီအတွက်ဝန်ထမ်းက ရုံးအလုပ်မလုပ်တဲ့အတွက် တိုင်းပြည်ဆုတ်ယုတ်လာတယ်။အခြေခံဝန်ထမ်းရဲ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ဝန်ထမ်းတော်တော်များများက ရုံးအတွင်း လူ့အခွင့်ရေးတွေချိုးဖောက်ခံနေရတာရှိတယ်။ ဒါကြောင့်လည်း အခုနွေဦးတော်လှန်ရေးမှာ CDMလုပ်ရှားမှု အားကောင်းလာတာ” ဟု ဆက်ပြောသည်။

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM) တွင် ချင်းပြည်နယ်က အားအကောင်းဆုံးဖြစ်ကာ ပြည်နယ်အတွင်းရှိ ဝန်ထမ်း ၂၀,၀၀၀ ကျော်ရှိတဲ့အထဲ ၁၄,၀၀၀ ကျော်က CDM လုပ်သည်။ ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော်ဖြစ်သည်

”တကယ်တော့ ကျွန်တော်တို့က မယင်ဟွာကို အရမ်းကိုလေးစားတာထက်ပိုတယ်ဗျ။ ကျွန်တော်တို့တွေ သူ့လောက်မလုပ်နိုင်ဘူး၊ မစွန့်လွှတ်နိုင်ဘူး။ သူက အရင်အစိုးရလက်ထက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ရဲ့ ပြည်ပခရီးစဉ်တိုင်း သူလိုက်ရတယ်။နိုင်ငံတော်အဆင့် အပြည်ပြည်ဆိုင်ရာဆွေးနွေးပွဲတိုင်းမှာ သူကအခမ်းအနားမှူး(MC)လုပ်ရတယ်။ ဘာသာစကားလည်း တော်တော်လေးကျွမ်းကျင်တယ်။ နောက်ဆုံးဗျာ အရင်ကတော့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊အခုလက်ရှိဒုဝန်ကြီးပေါ့ ။သူဆိုရင်လည်း မယင်ဟွာရဲ့ဆရာအရင်းပဲဗျ၊ သူသာ CDM မဝင်ဘူးဆိုရင်သူ့အတွက် အခွင့်အရေးတွေချည်းပဲ။ ဒါတွေကိုစွန့်လွှတ်ပြီး CDMလုပ်ရုံသာမက တောထဲမှာ ဆင်းရဲပင်ပန်းခံပြီး အမျိုးသားရေးအတွက် ပါဝင်နေတယ်ဆိုတော့ တော်ရုံသူ မလုပ်နိုင်တဲ့အရာတွေလေ”ဟု သူမ၏ ရုံး လုပ်ဖော်ကိုင်ဘက်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

လွတ်မြောက်နယ်မြေ ရောက်ရှိလာကြတဲ့သူအများစုနှင့် CDM ဝင်လာကြတဲ့ အရာရှိကြီးများကို တတိယနိုင်ငံသွားချင်၍ လုပ်ကြသည်ဟု စစ်အုပ်စုဘက်က စွပ်စွဲလေ့ရှိသည်။
” ကျွန်မက ဘယ်မှသွားမှာလည်းမဟုတ်ဘူး။ ကိုယ့်လူငယ်တွေ၊ ကိုယ့်လူမျိုးတွေအတွက် တူတူရှိနေမှာ။ကျွန်မကို လက်ရှိ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့မှာ နှစ်ပွင့်စပေးမယ်။ ကရာတေးသင်ပေးရုံပဲ ကမ်းလှမ်းကြတယ်။နောက်ပြီးကျွန်မက နိုင်ငံတကာမှာ မာစတာဘွဲ့တွေကိုရယူထားတော့ ဒီမှာရှိတဲ့တက္ကသိုလ်ကျောင်းတွေကနေ စာသင်ကြားပေးဖို့ကမ်းလှမ်းကြတယ်။ သူတို့ကျောင်းတွေမှာ ကရာတေး ပညာသင်ပေးဖို့တွေပေါ့။ နောက် နိုင်ငံတကာမှာရှိတဲ့ သူငယ်ချင်းတွေကလည်း သူတို့ဆီ လာဖို့ခေါ်ကြတယ်။ဒါပေမယ့် ကျွန်မအနားမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခြေပြတ်၊ လက်ပြတ်ဖြစ်တဲ့သူတွေ၊ သေဆုံးသွားသူတွေကို ကြည့်ပြီးဘယ်လိုမှ ထွက်မသွားနိုင်ဘူး” ဟု ယင်းဝှာထောင်းလွယ်က ပြောသည်။

ချင်းပြည်နယ် အား/ကာသိပ္ပံကျောင်းကြီးမှသည် နိုင်ငံတော်အတွက်လက်ရွေးစင်ကစားသမားတွေ မြောက်မြားစွာ မွေးထုတ်ပေးနိုင်ဖို့ သူမ ရည်မှန်းထားခဲ့သည်ဟု ဆိုသည်။
”ကျွန်မ တောင်ကိုရီးယားမှာ ကျောင်းပြီးလို့ပြန်လာပြီး တစ်ပတ်လောက်ရုံးတက်နေတာ။ကျွန်မကို ရာထူးတိုးနဲ့ချင်းပြည်နယ် ဟားခါးမှာ ကျောင်းအုပ်လုပ်ရမှာဆိုတော့ စီမံခန့်ခွဲရေးလုပ်ငန်းတွေ၊ ဝန်ထမ်းတွေကို လစာပေးတာတွေ၊ ခွင့်ရက်ယူတာတွေ အစရှိတဲ့လုပ်ငန်းတွေကို ရုံးချုပ်မှာလေ့လာနေတာ။ အာဏာသိမ်းတော့ အားလုံးပျက်ပြယ်ကုန်တယ် ”ဟု သူက ပြောသည်။

တော်လှန်ရေးမှာပါဝင်နေကြတဲ့လူငယ်တွေအတွက် ဘယ်လိုအားပေးစကားဆိုချင်လဲဟု မဇ္ဈိမက မေးရာ ”ကိုယ်စလျှောက် တဲ့လမ်းကို အဆုံးထိလျှောက်စေချင်ပါတယ်။ လွယ်လွယ်အရှုံးပေးရင် အကျင့်ပါသွားလိမ့်မယ်။ ခရီးလမ်းက ခက်ခဲတယ်ဆိုပေမယ့်လည်း ရှုခင်းတွေက တောင်ထိပ်ကကြည့်ရတာပိုလှပါတယ်လေ” ဟု သူက ဖြေသည်။

Credit ; Mizzima
Nyo Nyo (boomnews)