မိုးရာသီနှင့် အူရောင်ငန်းဖျားရောဂါ ( Typhoid Fever ) အတွက် သတိပြုရမည့်အချက်များ

မသန့်တဲ့ အစားအသောက်စားမိရုံ၊ မသန့်တဲ့ရေသောက်မိရုံနဲ့ အဖျားအရမ်းကြီးပြီး ၀မ်းလျှော၀မ်းပျက်ဖြစ်ကာ အဖတ်စားလို့မရဘဲ တစ်လလောက် တရှောင်ရှောင်တပိန်ပိန်နဲ့ နာတာရှည် ဝေဒနာခံစားရစေနိုင်တဲ့ ရောဂါဆိုးတစ်မျိုးရှိပါတယ်။ အင်္ဂလိပ်လို Typhoid Fever ခေါ် မြန်မာလို အူရောင်ငန်းဖျားရောဂါပါပဲ။ ဒီရောဂါဟာ မသန့်တဲ့ရေနဲ့ ယင်ကောင်ပေါများတဲ့ မိုးရာသီမှာပိုဖြစ်တတ်လို့ စာဖတ် ပရိသတ်များ တိုက်ဖွိုက်အဖျားရောဂါအကြောင်း ဆင်ခြင်သိမှတ်ဖွယ်ရာ ဖော်ပြပေးလိုက်ပါတယ်။

တိုက်ဖွိုက်အဖျားရောဂါဆိုတာဘာလဲ။
မြန်မာလို အူရောင်ငန်းဖျား၊ အင်္ဂလိပ်လို Typhoid Fever လို့ခေါ်တဲ့ရောဂါဟာ Salmonella typhi (ဆယ်မိုနဲလား တိုင်ဖိုင်) လို့ခေါ်တဲ့ ဘက်တီးရီးယား ကူးစက်ခံရလို့ ဖြစ်ရတာဖြစ်ပါတယ်။ Salmonella paratyphi (ဆယ်မိုနဲလား ပါရာတိုင်ဖိုင်)လို့ခေါ်တဲ့ မျိုးစိတ်ကွဲပိုး ကြောင့်လည်း တိုက်ဖွိုက်လို ဝေဒနာမျိုးတွေ ခံစားရနိုင်ပေမဲ့ Salmonella typhi ကြောင့်ဖြစ်တဲ့ တိုက်ဖွိုက်လောက်တော့ မပြင်းထန် ပါဘူး။ ဒီဘက်တီးရီးယားတွေဟာ လူသားသယ်ဆောင်သူ(human carrier)ဆီကနေ ရေနဲ့အစာတွေထဲ ညစ်ညမ်းရောက်ရှိသွားပြီး အခြားသူတွေကို ကူးစက်စေတာ ဖြစ်ပါတယ်။

တိုက်ဖွိုက်ရောဂါဘယ်လိုဖြစ်နိုင်သလဲ
အထက်ကပြောခဲ့တဲ့ ဆယ်မိုနဲလား ဘက်တီးရီးယားတွေရှိနေတဲ့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိရင် ကူးစက်နိုင်ပါတယ်။ ရောဂါရှိနေတဲ့ လူရဲ့မစင်ကနေ ပတ်၀န်းကျင်ကို ရောဂါပိုးတွေ ပျံ့ပွားစေတဲ့နည်းလမ်းက အဓိကအကျဆုံးဖြစ်ပါတယ်။ တိုက်ဖွိုက် တစ်ခါဖြစ်ဖူးပြီး ပကတိနေပြန်ကောင်းသွားတဲ့ လူတွေရဲ့ ၁၀၀ဦးမှာ ၃ဦးကနေ ၅ဦးဟာ နာတာရှည်ပိုးသယ်ဆောင်သူများ ဖြစ်သွား တတ်ပါတယ်။ တချို့လူတွေကလည်း လုံး၀မသိသာတဲ့ အနည်းငယ်မျှသော လက္ခဏာလောက်လေး ခံစားရပြီး တိုက်ဖွိုက်ရောဂါ အဖြစ်မပြဘဲ သယ်ဆောင်သူတွေ ဖြစ်သွားတတ်တာမျိုးလည်း ရှိပါတယ်။

ဒီပိုးတွေဟာ သည်းခြေအိတ်၊ သည်းခြေ့ပွန်၊ အသည်းနဲ့ အူတွေထဲမှာရှိနေပြီး ပေါက်ပွားကြပါတယ်။ ဆယ်မိုနဲလားပိုးတွေဟာ အတော် လေးအသက်ပြင်းတဲ့ ဘက်တီးရီးယားတွေလို့ ဆိုနိုင်ပြီး ပြင်ပကရေထဲမှာ၊ ခြောက်သွေ့နေတဲ့ မစင်အကြွင်းအကျန်ထဲမှာ ရက်သတ္တပတ် ပေါင်းများစွာ ရှင်သန်နေနိုင်လို့ တစ်ကိုယ်ရည်သန့်ရှင်းရေး တစ်ချက်လေးအားနည်းသွားတာနဲ့ ဖြစ်နိုင်တဲ့ ရောဂါမျိုးပါပဲ။ နာတာရှည် သယ်ဆောင်သူတွေဟာ ကိုယ်တိုင်ရောဂါလက္ခဏာ လုံး၀မပြပေမဲ့ နှစ်ပေါင်းများစွာထိအောင် လူပေါင်းများစွာ တစ်ပြိုင်တည်းတိုက်ဖွိုက် ရောဂါ ဖြစ်စေနိုင်လောက်တဲ့ ကပ်ရောဂါအသွင်မျိုး ဖြစ်ပေါ်နိုင်စွမ်းရှိနေပါတယ်။

ပိုးတွေကဘယ်လိုရောဂါဖြစ်ပေါ်စေသလဲ။
မသန့်တဲ့ အစာရေစာထဲမှာ ပါလာတဲ့ ဆယ်မိုနဲလားပိုးတွေဟာ အူသိမ်ထဲကို ထိုးဖောက်၀င်ရောက်သွားပြီး သွေးစီးကြောင်းထဲအထိ ရောက်ရှိသွားပါတယ်။ အဲဒီကမှ အသည်း၊ သရက်ရွက် (သို့)ဗေလုံးနဲ့ ရိုးတွင်းခြင်ဆီထဲရောက်ပြီး ပေါက်ပွားကြပါတယ်။ အင်အားအရမ်း များလာတော့မှ သွေးစီးကြောင်းထဲကို ဒုတိယအကြိမ်ပြန်၀င်လာပြီး သည်းခြေပြွန် အဖွဲ့အစည်း၊ သည်းခြေအိတ်၊ အူလမ်းကြောင်းရဲ့ ပြန် ရည်ကြောတစ်သျှူးများ(lymphatic tissues) ထဲကို၀င်ကာ ရောဂါကိုဖြစ်ပေါ်စေပါတယ်။ ဒီဖြစ်စဉ်အစအဆုံးဟာ ကူးစက်ခံရသူရဲ့ ကိုယ်ခံ အားအခြေအနေ ပေါ် မူတည်ပြီး တစ်ပတ်ကနေ နှစ်ပတ်အထိကြာတတ်လို့ ပိုး၀င်ပြီးနောက် ရောဂါပေါ်ဖို့ အချိန်အဲလောက်ကြာတာဖြစ် ပါတယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ။
ပိုးတွေ ကိုယ်ထဲ၀င်သွားသွားခြင်း ရောဂါလက္ခဏာတွေပေါ်တာမဟုတ်ပါဘူး။ အနည်းဆုံးတစ်ပတ်ကနေ နှစ်ပတ်ကြာပါတယ်။ ဒါကြောင့် ပြောနိုင်တာ တစ်ခုက လူတစ်ယောက်ဟာ တိုက်ဖွိုက်ရောဂါ ဖြစ်နေပြီဆိုရင် ဒီနေ့စားတဲ့အစာ၊ မနေ့ကစားတဲ့ အစာတွေ မသန့်လို့ မဟုတ်ဘဲ အနည်းဆုံး လွန်ခဲ့တဲ့ ရက်သတ္တပတ်က စားခဲ့တဲ့ အစာကြောင့် ဖြစ်ရတယ်ဆိုတာပါပဲ။

ရောဂါလက္ခဏာတွေအနေနဲ့

– ပါးစပ် အရမ်းပျက်ခြင်း

– ဖျားနာခြင်း

– ခေါင်းကိုက်ခြင်း

– တစ်ကိုယ်လုံးနာကျင် ကိုက်ခဲခြင်း

– ၀မ်းလျှောခြင်း

– နုံးခွေ၍ မလှုပ်မရှားချင်ဖြစ်ခြင်း စတာတွေစုပေါင်းခံစားရပါတယ်။ ဒီရောဂါလက္ခဏာတွေဟာ တစ်လလောက် ခံစားရနိုင်ပါတယ်။ အန်တာကတော့ ဖြစ်ခဲပါတယ်။

တိုက်ဖွိုက်အဖျားဟာ တောက်လျောက်ဖျားပြီး ၁၀၃-၁၀၄ ဒီဂရီဖာရင်ဟိုက်လောက်အထိ ပြင်းထန်နိုင်ပါတယ်။ ဗိုက်အောင့်တာ၊ ဗိုက်ထဲ က မအီမသာဖြစ်တာတွေက အသိသာဆုံးပါပဲ။ အဖျားကလည်း အများကြီးမကျဘဲ ဆက်တိုက်ဖျားပါတယ်။ ဒါကြောင့် ဒီလိုအဖျားကြီးပြီး ပါးစပ်ပျက် ၀မ်းပျက်ခြင်းတွေ တွဲဖြစ်လာရင် တိုက်ဖွိုက်ရောဂါဖြစ်နေပြီလားလို့ စဉ်းစားရပါမယ်။ အူလမ်းကြောင်းဟာလည်း ပိုး၀င်ရောင် ယမ်းနေကာ အဖတ်စားတာနဲ့ အဖျားပြန်တက်ခြင်းဟာ တိုက်ဖွိုက်ရဲ့သိသာတဲ့ လက္ခဏာတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

သေချာကုသရင်တော့ နှစ်ပတ်ကျော်လောက်ဆို ဝေဒနာတွေ သက်သာလာတာ တွေ့ရပါမယ်။ တိုက်ဖွိုက်လို့ သေချာရင် စနစ်တကျ ကု သမှုကို ခံယူရပါမယ်။ ဘာလို့လဲဆိုတော့ တိုက်ဖွိုက်တစ်ခါဖြစ်ပြီး ပြန်ကောင်းသွားတဲ့သူတွေရဲ့ ၁၀% (၁၀ယောက်မှာ တစ်ယောက်)ဟာ နှစ်ပတ်အတွင်း တစ်ကျော့ပြန် ဖြစ်တတ်ကြသလို တစ်နှစ်ထဲမှာ ခဏခဏ ပြန်ဖြစ်တတ်လွန်းလို့ပါပဲ။

ဘယ်လိုရောဂါအမည်တပ်မလဲ
သင့်ကို ဆရာ၀န်က ရောဂါလက္ခဏာနဲ့ ပတ်သက်ပြီး ရောဂါဖြစ်စဉ် စစ်မေးမှု၊ စမ်းသပ်မှုတွေလုပ်မှာဖြစ်သလို ၀မ်းနမူနာယူပြီး ပိုးပါ သလားဆိုတာ ဓာတ်ခွဲခန်းမှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဒီစမ်းသပ်မှုဟာ ရောဂါ အစပျိုးချိန်ပဲဖြစ်ဖြစ်၊ ရက်အတော်ကြာတဲ့အထိ မှန် ကန်တဲ့ အဖြေကို ပေးနိုင်ပါတယ်။ သွေးပါဖောက်ပြီး Blood Culture ပါ စစ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဒီနည်းနဲ့ တိုက်ဖွိုက်ရောဂါပါဆိုတာ မြေကြီး လက်ခတ်မလွဲသေချာစေပါတယ်။

ဘယ်လိုကုသမလဲ၊ ရောဂါအဆိုးအကောင်းဘယ်လိုရှိပါသလဲ။

တိုက်ဖွိုက်ရောဂါကို ဆယ်မိုနဲလားပိုးကို သတ်နိုင်တဲ့ ပဋိဇီဝဆေးနဲ့ ကုသရင်ရပါတယ်။ ဒါပေမဲ့ မကုဘဲထားရင် ၅ဦးမှာ ၁ဦးသေနိုင် ပါတယ်။ ပိုးတွေ တစ်ကိုယ်လုံး ပျံ့သွားရင် အရပ်အခေါ် ငန်းဖမ်းခြင်း (Septicemia) ၊ အဆုတ်ထဲရောက်သွားရင် နမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါ၊ အူလမ်းကြောင်းမှ သွေးယိုစိမ့်ခြင်း၊ အရမ်းဆိုးရင် အူပေါက်ထွက်သွားခြင်းအထိ ဖြစ်နိုင်ပြီး အသက်အန္တရာယ် ရှိတာဖြစ်ပါတယ်။

ထိရောက်မှုရှိတဲ့ ကုသမှုနဲ့တွေ့ရင် ၂၄နာရီကနေ ၄၈နာရီအတွင်း ဝေဒနာတွေ လျော့ပါးသက်သာလာတာ တွေ့ရမှာဖြစ်ပါတယ်။ သေ ချာကုသရင် ပျောက်ကင်းမှုကို ၇-၁၀ရက်အတွင်း ရရှိနိုင်သလို မကုသရင်လည်း အသက်အန္တရာယ်အထိရှိနိုင်တဲ့ ရောဂါဖြစ်တာမို့ ၀မ်း နဲ့ပတ်သက်တဲ့ ဘယ်ရောဂါမဆို ဆရာ၀န်နဲ့ သေချာကုသခြင်းသာ စိတ်အချရဆုံး ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကို ပြောရရင် ၀မ်းပျက်လို့ ကွမ်းယာဆိုင်လိုမျိုး တကယ်ဆေးဝါးကျွမ်းကျင်သူ တစ်ဦးမှမရှိတဲ့တွေ့ ကရာ ဆိုင်တွေမှာဆေးမေးပြီး ၀ယ်သောက်ရင် အဲဒီဆိုင်တွေက ကလိုရန်ဖန်နီကော (Chloramphenicol) ပဋိဇီဝဆေးကို ပေးတတ်ပါ တယ်။ ဒီဆေးဟာ တိုက်ဖွိုက်ဖြစ်စေတဲ့ ဆယ်မိုနဲလားပိုးကို နိုင်တယ်ဆိုပေမဲ့ အခန့်မသင့်ရင် ဖြစ်ခဲပေမဲ့ အလွန်အန္တရာယ်ကြီးတဲ့ ဘေး ထွက်ဆိုးကျိုး အနေနဲ့ ရိုးတွင်းခြင်ဆီကို သွားထိပါတယ်။ ရိုးတွင်းခြင်ဆီဆိုတာ ခန္ဓာကိုယ်အတွက် သွေးထုတ်လုပ်ရာပင်မစက်ရုံဖြစ်လို့ သွေးဆဲလ်များ မထွက်တော့၍ဖြစ်သော သွေးအားနည်းရောဂါ (Aplastic Anaemia) ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ယနေ့ခေတ်မှာ ၀မ်း ရောဂါတွေအတွက် ကလိုရန်ဖန်နီကောလို ဘေးထွက်ဆိုးကျိုးမရှိဘဲ ပိုအစွမ်းထက်တဲ့ မျိုးဆက်သစ် ပဋိဇီဝဆေးတွေကိုပဲ သုံူးပါတော့ တယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ အချို့ဒေသတွေမှာ ကလေးငယ်တွေရဲ့ နမိုးနီးယားကုသရာမှာ သုံးနေသေးပေမဲ့ ကျန်တဲ့ရောဂါတွေနဲ့ ပတ်သက်ရင် ကလိုရန်ဖန်နီကောဟာ ခေတ်တုံးသွားပြီလို့ ဆိုနိုင်ပါတယ်။

ပဋိဇီဝဆေးရွေးချယ်ပြီး တိုက်ဖို့ကတော့ ဆရာ၀န်ရဲ့တာ၀န်ပဲဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေဟာ ဟိုဝေဒနာခံစားရရင် ဟိုဆေး၊ ဒီဝေဒနာ ပေါ်ရင် ဒီဆေးဆိုပြီး လှေနံဓားထစ် လူပြိန်းမှတ်မှတ်ပြီးသောက်လို့ရတဲ့ ဆေးအမျိုးအစားမဟုတ်ဘဲ ရောဂါနဲ့ ဆေးအုပ်စုလွဲမှားသောက် ခြင်း၊ ပမာဏမမှန်ဘဲ သောက်ခြင်း၊ သောက်ရမယ့် ကာလမပြည့်ခြင်း စတာတွေကြောင့် အချို့ပိုးတွေဟာ ပဋိဇီဝဆေးမတိုးတော့ခြင်း (Antibiotic Resistance)ရကုန်တတ်ပါတယ်။ ဒါဆို ပိုပြင်းတဲ့ဆေးတွေနဲ့ ပြောင်းကုရလို့ လူနာအတွက်လည်း မကောင်းပါဘူး။

ဘယ်လိုကာကွယ်ကြမလဲ
ညစ်ပတ်တဲ့ ပတ်၀န်းကျင် အနေအထားရှိရင် ရောဂါပိုးမျိုးစုံ ပေါက်ပွားနိုင်လို့ ကျန်းမာရေးအတွက် ပတ်၀န်းကျင်သန့်ရှင်းရေး (Environmental Sanitation) မဖြစ်မနေ လိုအပ်ပါတယ်။ ၁၉၂၀ပြည့်နှစ် ပတ်၀န်းကျင်က အမေရိကန်ပြည်ထောင်စုမှာ တိုက်ဖွိုက်ရောဂါ ဖြစ်ပွားသူ ဦးရေတစ်နှစ်ကို သုံးသောင်းခွဲလောက် ရှိခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ ပတ်၀န်းကျင် သန့်ရှင်းရေး အရမ်းကောင်းသွားတဲ့အ တွက် လူဦးရေ သန်း၃၀၀ကျော်မှာတောင်မှ တစ်နှစ်ကို တိုက်ဖွိုက်ဖြစ်တဲ့ လူဦးရေဟာ ၅၀၀ဦးအောက် နည်းနေသေးတဲ့အထိ ကောင်း သွားတာတွေ့ရပါတယ်။ မက္ကဆီကို၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီဂျစ်စတဲ့ နိုင်ငံတွေဟာ ယနေ့အထိ တိုက်ဖွိုက်ရောဂါရဲ့ ထိုးနှက်မှုကို အခံရဆုံးနိုင်ငံများအဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။

လက်ရှိ ကမ္ဘာတစ်၀န်းမှာ တစ်နှစ်ကို လူ၁၃သန်းလောက် နှစ်စဉ်တိုက်ဖွိုက်ရောဂါ ခံစားရပြီး အဲဒီအထဲကမှ ၅သိန်းလောက်သေကြေ ပျက်စီးရတယ်လို့ သိရပါတယ်။ ဒီလိုကြောက်စရာကောင်းတဲ့ တိုက်ဖွိုက်ရောဂါကို ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ ပတ်၀န်းကျင်၊ အစာ၊ရေ၊လက်စတဲ့ လေးခုသန့်နေအောင်ထားဖို့ လိုပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

ဒေါက်တာ သီဟသစ်
မြန်မာ့ရေးရာဌာန (ဂျာမနီ)