Facebook ပြန်ဖွင့်ပေးဖို့ စစ်အစိုးရကို Facebook ကုမ္ပဏီတိုက်တွန်း

Facebook လူမှုကွန်ရက်စာမျက်နှာ သုံးစွဲမှုတွေကို မြန်မာနိုင်ငံတွင်းမှာ ဒီကနေ့ကစပြီး စစ်အစိုးရက ပိတ်ဆို့ ကန့်သတ်နေပါတယ်။ သတင်းမှားတွေ ဖြန့်ချိနေတာတွေကို တားဆီးဖို့ဆိုပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့ အထိ Facebook ကို ပိတ် ထားဖို့ ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းရဲ့ လက်မှတ်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ညွှန်ကြားချက် စာတစောင် အွန်လိုင်းမှာ ထွက်ပေါ်လာပြီးနောက် ဒီကနေ့ မနက်ပိုင်းကစပြီး Facebook အသုံးပြုမှုတွေ ကန့်သတ်ခံထားရတာပါ။

Telenor တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနက Facebook လူမှုကွန်ရက်ကို ယာယီပိတ်ပေးဖို့ ညွှန်ကြားချက် တစ်စောင်ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က လက်ခံရရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုညွှန်ကြားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနဲ့ မကိုက်ညီဘူးလို့ Telenor ကုမ္ပဏီက ဆိုပါတယ်။ ဒီလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် အထူးစိုးရိမ်နေပေမယ့် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ Telenor ကုမ္ပဏီက ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Facebook အသုံးပြုမှုတွေ နှောင့်ယှက်ခံနေရတာကို Facebook ကုမ္ပဏီက သိရှိထားကြောင်း၊ ဆက်သွယ်မှု တွေ ကောင်းအောင် ပြန်ဖွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းကြောင်းနဲ့၊ ဒီလိုပြန်ဖွင့်ပေးမှပဲ အရေး ကြီးတဲ့ သတင်းအချက်အလက်တွေကို မိသားစုတွေ၊ အသိမိတ်ဆွေတွေအတွင်း ဆက်သွယ်လို့ရနိုင်မယ်လို့ Facebook ကုမ္ပဏီ ပြောခွင့်ရသူ Amy Lefevre က RFAကို အီးမေးလ်ကတဆင့် အသိပေးပါတယ်။

Facebook အသုံးပြုမှု ပိတ်ဆို့ကန့်သတ်တာတွေ ရှိနေပေမယ့် လူငယ်အများစုဟာ VPN လို့ခေါ်တဲ့ အင်တာ နက်အတွင်း သတင်းအချက်အလက် ဖလှယ်မှု ပုံစံတစ်မျိုးကို အသုံးပြုပြီး ဒီကန့်သတ်ပိတ်ပင်မှု ကျော်လွန် သုံးစွဲနေတာကြောင့် VPN ဆာဗာလိုင်းတွေကို ပိတ်ဖို့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက် စာတစောင် (၂၄) နာရီအတွင်း အင်တာနက်ထဲမှာ ပျံ့နှံ့နေပါတယ်။

အဲဒီညွှန်ကြားချက်ထဲမှာ VPN ဆာဗာလိုင်းတွေကို ဒီနေ့ကစပြီး နောက်ထပ် ညွှန်ကြားချက် မထွက်မချင်း ပိတ်ထားဖို့ မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာတွေ အင်တာနက်ဝန်ဆောင်မှု ကုမ္ပဏီတွေကို ညွှန်ကြားထားတယ်လို့ ဖော်ပြထားပါတယ်။

မန္တလေးမြို့ဒေသခံ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တဦးက VPN ဆာဗာလိုင်းတွေဟာ တရုတ်နိုင်ငံလို အင်တာနက် ကန့်သတ်ထားတဲ့ နိုင်ငံမှာတောင် ပိတ်လို့မရတာကြောင့် စစ်အစိုးရအနေနဲ့ ဒီလိုပိတ်ဖို့ ကြိုးစားတယ်ဆိုတာဟာ ခြိမ်းခြောက်မှုတစ်ခုပဲ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။