(၁၉၇၆)ခုနှစ်က တစ်ဦးတည်းကြိုးပေးကွပ်မျက်ခံရတာတောင် ကြိုးစင်ပေါ်မှာအားမာန်အပြည့်နဲ့ ဟစ်ကြွေးသွားခဲ့သေးတဲ့ ဆလိုင်းတင်မောင်ဦးအကြောင်း

မြန်မာပြည်သူ၊ပြည်သားတချို့ကတော့ (၂၀၂၁) ခုနှစ် နွေဦးတော်လှန်ရေးတင်မကဘဲ ခေတ်အဆက် ဆက်ကနေစတင်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်ခဲ့ကြတာဖြစ်ပါတယ်။အာဏာရှင်စနစ်ကို တွန်းလှန်ရင်း (၁၉၇၆) ခုနှစ်ကအသက်ပေးသွားရတဲ့ ဆလိုင်းတင်မောင်ဦးရဲ့အကြောင်းလေးကို မျှဝေချင်ပါတယ်။

ဆလိုင်းတင်မောင်ဦးကို(၁၉၅၁)ခုနှစ် နိုဝင်ဘာလတွင် တောင်ငူမြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။(၁၉၇၁)ခုနှစ်မှာတော့ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်၌ သတ္တဗေဒဘာ သာရပ်ကို အထူးပြုသင်ကြားခဲ့တာဖြစ်ပါတယ်။သူ က ချင်းအမျိုးသားကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး (၁၉၆၉)ခုနှစ် ကျွန်းဆွယ်အရေးအခင်းမှာလည်းပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ဆလိုင်းတင်မောင်ဦးက ကျောင်းသားအရေးအခင်းများစွာတွင်ပါဝင်လှုပ်ရှားခဲ့တာကြောင့် (၁၉၇၂)ခုနှစ်၊ဒီဇင်ဘာ လ (၅) ရက်နေ့တွင် ပထမဆုံးအကြိမ် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။(၁၉၇၄)ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့မှာတော့ ထောင်ကပြန်လွတ်လာပြီး ကျောင်းဆက်တက်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ်လည်း အလုပ်သမားအရေးအခင်း၊ဦးသန့်စျာပနာအရေးအခင်း၊အလုပ် သမားနှစ် ပတ်လည်အရေးအခင်းတွေမှာလည်းဦးဆောင်ပါဝင်ခဲ့သေးတာဖြစ်ပါတယ်။(၁၉၇၆)ခုနှစ်၊မတ်လ (၂၃) ရက်နေ့ မှိုင်းရာပြည့်လူထုလှုပ်ရှားမှုကို ဦးဆောင်စီစဉ်ခဲ့ပေမယ့်လှုပ်ရှားမှုမတိုင်ခင်မှာ ထပ်မံဖမ်းဆီးခံလိုက်ရပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦး ကို ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အမိန့်နဲ့ ကြိုးပေး သ တ် ဖြ တ်ခဲ့တာ ဒီကနေ့ ၄၅ နှစ်ပြည့်ခဲ့ပါပြီ။သူ့ကို ၁၉၇၆ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ စစ်ထောက်လှမ်းရေးတွေက ရန်ကုန်မြို့မှာ ဖမ်းဆီးပြီး စစ်ခုံရုံးနဲ့ အကျဉ်းရုံးစစ်ဆေးကာ သေဒဏ်ပေးခဲ့တာပါ။သူဟာ ၁၉၆၂ စစ်တပ်အာ ဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးကွက်မျက်ခံရတဲ့ ကျောင်းသားဖြစ်ပါတယ်။သူကြိုး ပေးခံရစဉ်က အင်းစိန်ထောင်မှာရှိနေသူတဦးကတော့ ၁၉၇၆ မှိုင်းရာပြည့်အရေးအခင်းက ကျောင်းသားဟော င်း ဦးအောင်စောဦးပါ။“ဇွန်လ ၂၅ ရက်နေ့မှာ ကျနော်က အင်းစိန်ထောင် ၄ တိုက်မှာရှိတယ်။ ကိုတင်မောင်ဦး အဖေ ဦးလှဒင်နဲ့ အတူ စိုးဝင်း(ငါးသိုင်းချောင်း) နဲ့ အိုင်ဗင်တို့က တခြားတိုက်ခန်းတခုမှာ ရှိပါတယ်။

အဲဒီ ညနေမှာ ကိုတင်မောင်ဦး အဖေကို ခေါ်ထုတ်ပြီး သူ့သားနဲ့ ပေးတွေပါတယ်။ ကိုတင်မောင်ဦးက သူ့ကို သေဒဏ်ပေးထားတဲ့အကြောင်း ပြောတော့ သူ့အဖေက မင်းက ကျောင်းသားပဲ တကယ်သတ်မှာ မဟုတ်ပါဘူးလို့ အားပေးပြီး ပြန်လာခဲ့တယ်။ ဒါပေမယ့် အခန်း ပြန်ရောက်တဲ့အခါ ဦးလှဒင်က မျက်နှာ မကောင်းဘူးလို့ စိုးဝင်းတို့က ကျနော့်ကိုပြန်ပြောပါတယ်။

နောက်တခါ သူ့အမေ ဒေါ်နှင်းမြိုင်ကို အဲဒီနေ့က ကိုတင်မောင်ဦးနဲ့ ပေးတွေ့တဲ့အချိန်မှာ ကိုတင်မောင်ဦးက ချုံးပွဲချငိုတယ်။ ဒေါ်နှင်းမြိုင်ကလည်း ရှိုက်ကြီးတငင်ငိုပါတယ်။ ကိုတင်မောင်ဦးကို ဆွဲခေါ်သွားတဲအခါ ဒေါ်နှင်းမြိုင်က ဘုန်းကနဲ့ လဲကျသွားခဲ့တယ်လို့ ဆိုပါတ ယ်။ အဲဒီနေ့ ညနေမှာပဲ ဦးလှဒင်နဲ့ သူ့ညီတွေဖြစ်ကြတဲ့ ကိုလှရွှေနဲ့ ကိုမြဒင်တို့ကို တောင်ငူထောင်ပို့ပြီးတော့သူ့မိခင် ဒေါ်နှင်းမြိုင်နဲ့ သူ့ညီမ မလှမြိုင်တို့ကို သာယာဝတီထောင် ပို့လိုက်ပါတယ်။”ကိုတင်မောင်ဦး ကိုကြိုး စင်တင်တဲ့ရက်ပိုင်းက အင်းစိန်ထောင်မှာ တိုက်သစ်လို့ ခေါ်ကြတဲ့ တိုက်တန်းလျားမှာ ထားပါတယ်။မလှမ်း မကမ်းရှိ တခြားတိုက်တခုမှာ အဲဒီအချိန်က ၁၉၇၅ ဂျွန်လ ရွှေတိဂုံ အရေးအခင်း ကျောင်းသားဟောင်း ဦးပါစီ ဖြစ်ပါတယ်။…

“အဲဒီမတိုင်ခင်တရက်ဖြစ်တဲ့ ၂၅ ရက်နေ့မှာတစ်ဆောင် (အဆောင်နံပါတ်တစ်ကို ခေါ်တာပါ)။ အပေါ်ထပ်ကို လူရှင်းလိုက်တယ်။ အဲဒီအပေါ်ထပ်က အကျဉ်းသားတွေကို အောက်ထပ်ခဏပို့လိုက်တယ်။ ဘာလို့လည်းဆိုတော့ တစ်ဆောင်အပေါ်ထပ်ကနေ ကြိုးစင်ကိုလှမ်းမြင်နေရလို့ပါ။ ဘယ်သူ့ကို မဆို ကြိုးပေးမယ်ဆိုရင် တစ်ဆောင် အပေါ်ထပ်ကို ကြိုပြီး လူရှင်းပါတယ်။

နောက်နေ့ကျရင် ကြိုးမိန့်ရှိလို့ဆိုပြီး ဝါဒါတွေကပြောတယ်။ ဒါပေမယ့် ဘယ်သူ့ကို ချမှာလဲ မသိဘူး။ မနက် ၄ နာရီခွဲ လောက်ကျတော့ သူ့ကို လာခေါ်ထုတ်သွားတာ။”အဲဒီ အချိန်က တိုက်ပိတ်ခံနေရတဲ့ ရွှေတိဂုံအရေးအခင်း ကျောင်းသားဟောင်း နောက်တဦးကတော့ ဦးဉာဏ်အေး ပါ။“ကျနော်တို့တိုက်က ကြိုးစင်သွားတဲ့လမ်းနဲ့ကပ်နေတယ်ဆိုတော့ မနက် ၄ နာရီကျော် လောက်မှာ အော်တဲ့ အသံကြားရတယ်။ ရဲဘော်တို့ ငါသွားတော့မယ်၊ နုတ်ဆက်ခဲ့တယ်ဆိုတဲ့ အဲဒီလိုပြောလိုက်တဲ့အသံကြားပြီးနောက်မှာ ဝူးဝူးနဲ့ ဗလုံးဗထွေး ဖြစ်သွားတယ်။ ကျနော်တို့ ထင်တာ သူ့ပါးစပ်ကို တယောက်ယောက်က ပိတ်လိုက်တယ်။ အော်သံပဲကြားတာဆိုတော့ ကျနော်တို့လည်း ရုတ်တရက်ဆိုတော့ ဘယ်သူလဲ ဘယ်သိမလဲ။

နောက်ပိုင်းမှ ထောင်ဝန်ထမ်းတွေကို မေးကြည့်တော့မှ ကိုတင်မောင်ဦးဆိုပြီး ပြောကြတယ်။”ကိုတင်မောင်ဦး ကိုတိုက်ကထုတ်ပြီး ကြိုးစင်ရှိရာခေါ်သွားချိန်က တခြားသူတွေကိုတော်လှန်ရေးဆက်လုပ်ဖို့ အော်ဟစ်ပြောဆိုတဲ့အတွက် ဝါဒါတွေက သူ့ပါးစပ်ကို တိပ်တခုနဲ့ကပ်ပြီး ပိတ်ခဲ့ပါတယ်။ အဲဒီတိတ်က နှာခေါင်းကိုပါ အုပ်မိတဲ့အတွက် အသက်မရှူနိုင်လို့ သူရုန်းကန်တဲ့အခါကျမှ
ပြန်ဖွင့်ပေးခဲ့တယ်လို့ ဝါဒါတချို့ထံက နောက်ပိုင်းမှာ ကြားရပါတယ်။ ကြိုးစင်တက်ချိန်မှာ သူကြောက်ရွံ့ပြီး ရုန်းကန်ခဲ့တယ်ဆိုတာ မဟုတ်ပါ။ ကြိုးပေးခံရသူ ခြေ ထောက်ချထားတဲ့ အံတခါး ဒေါက်တိုင်ကို ထောင်ဝန် ထမ်းက ဖြုတ်ချလိုက်ချိန်မှာ ကြိုးစင်အနီးရှိ သစ်ပင်ကြီးတွေပေါ်က ကျီးကန်းတွေ၊ ဗျိုင်းတွေ၊ လင်းဝက်တွေ လန့်နိုးပြီး တဝုန်းဝုန်းထပျံကြပါတယ်။

ဒါကတော့ ကြိုးပေးတိုင်း ကြားရလေ့ရှိတဲ့ အသံပါ။ ကိုတင်မောင်ဦး က သူ နောက်ဆုံးနေခဲ့ရတဲ့ တိုက်ခန်းနံရံမှာ စာတချို့ရေးသားခဲ့ပါတယ်။ ဦးအောင်စောဦး က-“ကိုတင်မောင်ဦးနောက်ဆုံးနေခဲ့တဲ့ အဲဒီ တိုက်သစ် အခန်း ၁ ကို နောင်တချိန်မှာ ကျနော်တို့ ၁၃ ယောက် ရောက်သွားပါတယ်။ အဲဒီလူတွေထဲက ၃ ယောက်ကွယ်လွန်သွားပြီး ၁ဝ ယောက်ခုထိ သက်သေရှိပါတယ်။

ကိုတင်မောင်ဦးက တိုက်နံရံအရှေ့ပိုင်းမှာတော့ သမာကျမ်းစာတွေရေးထားပြီး နောက်ပိုင်း အိမ်သာနံရံမှာတော့ ခဲဆံလေးနဲ့ရေးထားတယ်။ “ ညီမလေး မလှမြိုင်၊ ညီမလေးအတွက် အကိုကြီး ဂုဏ်ယူပါတယ်။ တင်မောင်ဦး။” ဆိုပြီးဖြစ်ပါတယ်။” ကြိုးစင်မတက်ခင်မှာ ကိုတင်မောင်ဦးက ဘာပြောခဲ့ပါသလဲ။“မင်းတို့ ငါ့ရဲ့ယုံကြည်ချက်ကို သတ်လို့မရဘူး။ ငါ့ကိုပဲ သတ်လို့ရမယ်။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှဒူးမထောက်ဘူးလို့ ကိုတင်မောင်ဦး ပြောသွားတဲ့စကားဟာ အခု ၄၅ နှစ်ကြာပြီး နွေဦးတော်လှန်ရေး ပေါ် ပေါက် လာတဲ့အခါမှာ ရှိနေတဲ့ လူငယ်မျိုးဆက်သစ်တွေထဲကို ပဲ့တင်ရိုက်ခတ်သွားတာ ဖြစ်ပါတယ်။

ဒီနေ့လူငယ်တွေလည်း ကိုတင်မောင်ဦး ချမှတ်ခဲ့တဲ့အတိုင်း စစ်အာဏာရှင်စနစ်ကို ဒူးမထောက် အညံ့မခံဘဲနဲ့ ဆက်လက် တိုက်ပွဲဝင်နေတာတွေဟာ ကိုတင်မောင်ဦးရဲ့ ကောင်းမြတ်တဲ့အစဉ်အလာကို ဆ က်လက်ဆွဲကိုင်နေတာပဲလို့ ကျနော်ပြောချင်ပါတယ် ။”နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ တကသ ကျောင်း သားဟောင်းများ အင်အားစုဝင် ကိုနန်းလင်းက အဲဒီစကားဟာ သူတို့လူငယ်တွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေပါတယ်လို့ ပြောပါတယ်။

“ခုတဖန်ပြန်ပြီးပေါ်လာတဲ့ နွေဦးတော်လှန်ရေးမှာလည်း ဒီစကားဟာ ကျနော်တို့ ပါဝင်လှုပ်ရှားနေတဲ့ ကျနော်တို့လူငယ် ကျောင်းသားအားလုံးအတွက် အရေးပါတဲ့စကားဖြစ်ပါတယ်။ လက်ရှိမှာလည်း တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်အားလုံးက စစ်ဖိနပ်အောက်မှာတော့ ငါတို့ ဒူးမထောက်ဘူးဆိုပြီး ရတဲ့နည်းနဲ့ အနုနည်းရော အကြမ်းနည်းရော သုံးပြီး တော်လှန်နေတာဖြစ်ပါတယ်။

အဲဒီ စိတ်ဓာတ်နဲ့ ကြုံးဝါးသံဟာ အခုအချိန်ထိကျနော်တို့အကြားမှာ စိတ်ဓာတ်မြှင့်တင်ပေးတဲ့ ကြွေး ကြော်သံအဖြစ် ဆက်ရှိနေမှာပါ။”၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကစပြီး ကျောင်းသားတွေဦးဆောင်တဲ့ ခေတ်အဆက်ဆက် လှုပ်ရှားမှုတွေမှာ ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရပြီးဖြစ်ပေမယ့် အာဏာရှင်စနစ် ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ ဒီကနေ့အထိ ရှင်သန်နေဆဲဖြစ်ပြီး လက်ရှိ နွေဦးတော်လှန်ရေးကတော့ မြန်မာ့သမိုင်းမှာ အရှိန်အဟုန် အကြီးမားဆုံး ဖြစ်ပါတယ်။