အားလုံးမျော်လင့်နေတဲ့ မြန်မာ့အရေးအတွက် အိပ်ပျော်နေတဲ့အာဆီယံအဖွဲ့ R2P ဆွေးနွေးတော့မည်

အားလုံးမျော်လင့်နေတဲ့ မြန်မာ့အရေးအတွက် အိပ်ပျော်နေတဲ့အာဆီယံအဖွဲ့ R2P ဆွေးနွေးတော့မည် အားလုံးသိတဲ့အတိုင်းပါပဲ။ အာဆီယံအဖွဲ့ဆိုတာ မြန်မာအတွက် အမြဲတမ်းဆက်ဆံနေရမယ့်အဖွဲ့အစည်းပါ။ ကမ္ဘာအရပ်ရပ်က နီးစပ်ရာဒေသတွင်းအဖွဲ့အစည်းတွေလို အရှေ့တောင်အာရှ( ၁၁)နိုင်ငံကလည်း အဖွဲ့အစည်းအဖြစ်နဲ့ရှိနေခဲ့တာပါ။ အရှေ့တီမောက အဖွဲ့ဝင်ဖြစ်နေဆဲလားဆိုတာတော့ သေချာမသိပါဘူး။

အဓိကရည်ရွယ်ချက်ကတော့ ဒေသတွင်းနိုင်ငံတွေ စည်းလုံးစွာနဲ့အတူတကွနေထိုင်နိုင်ဖို့ပါ။ ဖေဖော်ဝါရီအာဏာသိမ်းမှု့မှာတော့ အာဆီယံဟာ ပြည်တွင်းရေးကိုမစွက်ဖက်ရေးမူအတိုင်း စားပွဲပေါ်ကစတိတ်မန့်အပြင် ဘာမှထူးထူးခြားခြားမကူညီနိုင်ပါဘူး။ ဒီအတွက်လည်း မြန်မာပြည်သူတွေဟာ အာဆီယံကိုတော်တော်လေးစိတ်ကုန်သွားကြပါပြီ။

ပိုဆိုးတာကဂျာကာတာသဘောတူညီမှု့ ( ၅ ) ချက်ကို အတိအကျပုံမဖော်နိုင်တာပါ။ ဒါကလည်း အာဆီယံအပြစ်တော့မဟုတ်ပါဘူး။ ပြည်တွင်းက စစ်ကောင်စီရဲ့ မလိမ်းတပတ်လုပ်မှု့ပါ။ စစ်ကောင်စီရဲ့ခွင့်ပြုချက်မရပဲ အာဆီယံစည်းကမ်းအရ အတင်းလာလို့မရပါဘူး။ အာဆီယံဒေသကို ကုလတပ်တွေရောက်လာတဲ့အခါ ဒေသတွင်းမငြိမ်သက်မှု့တွေဖြစ်လာနိုင်တယ်ဆိုတဲ့ အယူအဆကလည်း R2P အတွက်ကြန့်ကြာနေတာပါ။ ဒီလိုအခြေအနေတွေကို အိပ်ယာကနိုးထလာအောင် အာဆီယံကိုလှုပ်နှိုးလိုက်သူကတော့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ပါ ။

အပြစ်မဲ့ပြည်သူ ၈၀၀ နီးပါးအထိသတ်ပစ်ခဲ့ပြီး ၊ နိုင်ငံခေါင်းဆောင်အပါအဝင် ၊ နိုင်ငံရေးသမားနဲ့ပြည်သူအားလုံးပေါင်း ၄၀၀၀ ကျော်လောက်ကို ဖမ်းဆီးထားတဲ့ စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ်နဲ့ ကမ္ဘာကြီးကိုခြိမ်းခြောက်နေတာကို လူ့အခွင့်အရေးအဖွဲ့အနေနဲ့ ဘယ်လိုမှလက်ပိုက်ကြည့်နေလို့ မရတော့ပါဘူး။
” တောထဲတောင်ထဲမှာ ဒုက္ခရောက်နေတဲ့စစ်ပြေးသူတွေ ၊ မြို့တွေပေါ်မှာလူမဆန်အောင် ညှင်းပန်းနှိပ်ဆက် ၊ သတ်ဖြတ်ခံနေရတဲ့ပြည်သူတွေအတွက် နှုတ်ဆိတ်နေမယ်ဆိုရင် လူ့အခွင့်အရေးအဖွဲ့ဆိုတာ ဘာအတွက်လဲ “လို့ ဟားဗတ်တက္ကသိုလ်ဥပဒေဌာနက မေးခွန်းထုတ်လိုက်ပါတယ်

မြန်မာပြည်ကိုချက်ချင်း R2P ဝင်ဖို့လည်းတောင်းဆိုလိုက်တယ် ။ အစိုးရမဟုတ်တဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ကလည်း နုတ်ဆိတ်နေလို့မရတော့ပါဘူး ။ စတိတ်မန့်ထက်ကျော်ပြီး လုပ်အားပြရတော့မယ်ဆိုတာ သဘောပေါက်လာပုံပါပဲ။ ဒီတော့မြန်မာ့အရေးဟာ R2P နဲ့ဖြေရှင်းမှသာ အကောင်းဆုံးဖြစ်လာပါလိမ့်မယ်တဲ့။

သူတို့ဟာမြန်မာ့အရေးကို သမိုင်းအစဉ်အဆက် စစ်တပ်ကဏ္ဍ ၊ တိုင်းရင်းသားအရေး ၊ တိုင်းရင်းသားလက်နက်ကိုင်အရေး ၊ ဒီမိုအစိုးရရဲ့အခက်အခဲ ၊ ဘာသာရေးပဋိပက္ခ ဖြစ်ကြောင်းကုန်စင်ကိုလေ့လာပြီးမှ လူ့အခွင့်အရေးအဖွဲ့ထံမှာ အဆိုတင်သွင်းခဲ့တယ်။ ဒီအဆိုကို အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီနဲ့ အကြိူအွန်လိုင်းဆွေးနွေးခဲ့တယ်။ ဒီအဖွဲ့ရဲ့ပြောကြားချက်အရ အာဆီယံခေါင်းဆောင်တွေဟာ ကတိမတည်တဲ့စစ်ကောင်စီအကြောင်းကို သိနေခဲ့ကြပြီး မြန်မာ့အရေးဟာ R2P ဝင်မှသာ အကောင်းဆုံးဖြေရှင်းနိုင်လိမ့်မယ်လို့ လက်ခံလာကြပါပြီတဲ့။

အခုအချိန်မှာ R2P နဲ့အာဆီယံကို တော်တော်လေးစိတ်ကုန်နေကြမှာပါ။ စာရေးသူဟာဖေဖော်ဝါရီ( ၁ )ရက်နေ့ကတည်းက မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလနဲ့ နိုင်ငံတကာရဲ့ မြန်မာ့အရေးသတင်းတွေကို စောင့်ကြည့်ပါတယ်။ အသိပေးပြီးကိုယ်တိုင်သုံးသပ်ပါတယ်။ ကုလရဲ့တုန့်ပြန်မှု့ အမေရိကန်နဲ့နိုင်ငံတကာရဲ့တုန့်ပြန်မှု့ကို အားမရနိုင်ပေမယ့် ၊ တော်လှန်ရေးအောင်မြင်ဖို့အတွက် ထူးခြားတဲ့သတင်းတွေကိုတော့ ဒီနေ့အထိအသိပေး ၊ သုံးသပ်နေဆဲပါ။ ကုလသမဂ္ဂအဖွဲ့ကြီး ဝင်လာဖို့လည်း မျှော်လင့်နေဆဲပါ။

ဘာ့ကြောင့်လည်းဆိုရင် ပြည်တွင်းဆုံးရှုံးမှု့ ( အသက် ၊ အိုးအိမ် )နည်းနိုင်သမျှနည်းစေချင်တာပါ ။ ဒါဟာဆုံးရှုံးမှု့နဲပါးစွာနဲ့ စစ်ကောင်စီလက်နက်ချလာမယ့် အခွင့်အရေးပါ။ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း REFORM လုပ်နိုင်ပါလိမ့်မယ်။ ဒီမျှော်လင့်ချက်က အရိပ်အယောင်တော့သန်းလာပါပြီ။ ( စစ်သင်္ဘောကြီးတွေလာသလို အသိပေးတာပါ။ R2P ဝင်မလားမဝင်မလားဆိုတာတော့ စောင့်ကြည့်ရပါလိမ့်မယ် )။ ” မိတ်ဆွေတစ်ယောက်က နွေဦးတော်လှန်ရေး မြန်မြန်အောင်ပွဲရပြီး ၊ ပြီးစေချင်ပါပြီ “တဲ့။

ဟုတ်ကဲ့စာရေးသူလည်း ပြည်ပမှာလွတ်လပ်စွာနေနိုင်ပေမယ့် တိုင်းပြည်အရေးအတွက် ရတက်မအေးရပါဘူး။ ချစ်ခြင်း ၊ မုန်းခြင်းကင်းစွာနဲ့ အရင်လိုအခြေအနေ
ပြန်ရောက်ချင်နေပါပြီ။ တော်လှန်ရေးမှာ ပါဝင်သူ ၊ မပါဝင်သူအားလုံးပဲ စိတ္တဒုက္ခ ၊ ကာယဒုက္ခတွေခံစားနေကြရတာပါ ။ အာဏာမက်သူလူတစ်စုရဲ့လုပ်ရပ်အတွက် ရင်းနှီးသူ ၊ မရင်းနှီးသူ။ ပါဝင်သူ ၊ မပါဝင်သူတွေ အလိုလိုနေရင်း ဆက်ဆံရေးတွေတန့်သွားရတာပါ။ အဓိကတရားခံဟာ စစ်အာဏာရှင်လူတစ်စုပါပဲ။ ဒီတော့ အာဏာရှင်လူတစ်စုပုံဖော်နေတဲ့ MILITRAISM ကို အဆုံးသတ်ပြစ်ဖို့လိုပါတယ်။

နွေဦးတော်လှန်ရေးဟာ ဘယ်လိုအခြေအနေရောက်နေပြီလဲ၊ ဘယ်လိုလုပ်ရမလဲ “ဆိုတဲ့မေးခွန်းကို ဖြေပါရစေ။ နံနက်အိပ်ယာထလို့ ကောက်ညှင်းပေါင်းနဲ့ အကြော်ပူနွေးနွေးလေး စားရတဲ့အရသာကို မြန်မာလူမျိူးတိုင်းကြိူက်နှစ်သက်မှာပါ။ သူ့တင်လားဆိုရင်တော့မရသေးပါဘူး။ ရေနွေးကြမ်းပွက်ပွက်ဆူဆူလေးကို လဘက်ခြေက်ကလေးခပ်သောက်လိုက်မှ အရသာထူးတာပါ။ ရေနွေးတည်တဲ့အခါ မီးအားနဲလို့မရပါဘူး။ မီးကိုပူတယ်ဆိုရုံကလေးပေးထားတဲ့အခါ နွေးတယ်ဆိုရုံကလေး နွေးနေမှာပါ။ ဆောင်းတွင်းမှာ ရေချိူးနိုင်ရုံလောက်ပေါ့။အ လယ်အလတ်မီးပေးထားရင်လည်း ပွက်ပွက်ဆူဖို့အချိန်ကြာပါတယ်။ ဒီတော့ ပွက်ပွက်ဆူတဲ့ ရေးနွေးတစ်အိုးကို အချိန်ခဏအတွင်းမှာမြန်မြန်ရဖို့ မီးပြင်းပြင်းပေးဖို့လိုပါတယ်။

ဆိုရရင်နွေဦးတော်လှန်ရေးဟာ ပြည်တွင်းအုံကြွမှု့၊ ပြည်ပအားပေးမှု့တွေနဲ့အရှိန်ရလာပါပြီ။ D-Day အတွက်လည်း PDF ကအသိပေးထားပါပြီ။ ပြည်တွင်းအုံကြွမှု့တွေကတော့ မိတ်ဆွေတို့သိပြီးသားမို့ မပြောတော့ပါဘူး။ နွေးရုံကလေးနွေးနေလို့ ပြည်ပကလည်းစောင့်ကြည့်နေပုံပါပဲ။ ဒီတော့နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင် ၊ အပြီးသတ်နိုင်ဖို့ မီးပြင်းပြင်းထိုးကြပါစို့။ အိပ်ပျော်နေတဲ့ အာဆီယံကလည်း R2P လက်ခံဖို့ညှိနှိုင်းနေပါပြီ။ ပွဲပြီးမှရဲတွေရောက်လာရင်လည်း ဇာတ်သိမ်းခန်းမြိူင်သွားတာပေါ့။ ရဲတွေကလည်း ပွက်ပွက်ဆူမှရောက်လာမယ်ထင်ပါရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ၊ လက်ရှိအခြေအနေကို ပြင်းပြင်းလေးမီးပေးလိုက်ရင် စစ်ကောင်စီအဆုံးသတ်ပါပြီ။

ဘကြီးအောင် LA