အာဆီယံနဲ့တင်မဖြစ်တော့လို့ တရုတ်ကမြန်မာ့အရေး သူပါပူးပေါင်းဆောင်ရွက်မည်ဟုပြောဆို

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ် အပြုသဘောဆောင်တဲ့အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်လိုတဲ့ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီးဝန်ယိက ပြောပါတယ်။

အာဆီယံနဲ့ပူးပေါင်းဖို့ အဆင်သင့်ရှိတယ်လို့လည်း ဇွန်လ ၇ ရက်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ တရုတ်ရဲ့ရပ်တည်ချက်ကို ပြောဆိုပါတယ်။ မြန်မာနိုင်ငံရှိ သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံးကလည်း ပြည်သူလူထုရဲ့အကျိုးစီးပွားကို ထိပ်တန်းဦးစားပေးအဖြစ်ဆောင်ရွက်ဖို့နဲ့ ကန့်သတ်တားမြစ်ချက်တွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ဖို့နဲ့ အကြမ်းဖက်မှုပုံစံအားလုံးကို ဖယ်ရှားရှင်းလင်းဖို့ရာ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုတဲ့ ဆန္ဒရှိတယ်လို့လည်းဆိုပါတယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်ကို ပြန်လည်စတင်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာနိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုနဲ့ ဥပဒေမူဘောင်လုပ်ဆောင်ဖို့ သက်ဆိုင်သူအားလုံးကို တရုတ်အစိုးရကတိုက်တွန်းကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီး ဝန်ယိကပြောပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေးကို ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံကိုထောက်ပံ့ကူညီဖို့အတွက် အာဆီယံနဲ့ပူးပေါင်းရန် အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးပြန်လည်နာလန်ထူဖို့ကိစ္စ၊ ပြည်သူလူထုရဲ့ သက်မွေးဝမ်းကျောင်းတိုးတက်အောင်ဆောင်ရွက်ဖို့နဲ့ သူတို့ရဲ့အခွင့်အရေးနဲ့ အကျိုးစီးပွားကို သေချာအောင်လုပ်ဖို့တွေမှာ တရုတ်နိုင်ငံဟာ အတူတကွပံ့ပိုးကူညီဖို့ ဆန္ဒရှိတယ်လို့လည်းပြောပါတယ်။ တဖက်သတ် ဒဏ်ခတ်အရေးယူမှုတွေနဲ့ မသင့်လျော်တဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ရှောင်ရှားနိုင်ဖို့ တခြားနိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂပဋိညာဉ်ရဲ့ရည်ရွယ်ချက်တွေနဲ့ မူဘောင်စည်းကမ်းကမ်းတွေကို လိုက်နာဖို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။

တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ တရုတ်ပြည်အနောက်တောင်ပိုင်းချုံကျင်းမှာ ကျင်းပတဲ့ နှစ် ၃၀ မြောက် တွေ့ဆုံဆွေးနွေးရေးဆက်ဆံရေး နှစ်ပတ်လည် အထိမ်းအမှတ်တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာစစ်ကောင်စီကြမ်းဖက်အဖွဲ့ရဲ့ကိုယ်စားလှယ် ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ပါတယ်။

crd-DVB