အမှောင်ကမ္ဘာထဲက လျှို့ဝှက်သောနဂါး (သို့) တရုတ်ထောက်လှမ်းရေးသူလျှိုအေဂျင်စီများအား ချဉ်းကပ်ကြည့်ခြင်း

တရုတ်နိုင်ငံဟာ သူရဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကို အသုံးချပြီး သူ့နိုင်ငံသားတွေအပေါ်မှာသာမက အစိုးရနဲ့ သဘောထားဆန့်ကျင်သူတွေအပြင် နိုင်ငံခြားသားတွေကိုပါမကျန် တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာတွေ၊ တဖက်မှာလည်း ထောက်လှမ်း သူလျှိုလုပ်ငန်းတွေနဲ့ ဆိုက်ဘာစစ်ဆင်ရေးတွေကို စိတ်တိုင်းကျသဘောရှိ တွင်တွင်ကျယ်ကျယ်ကို လုပ်ဆောင်နေလျက်ရှိပါတယ်။ တရုတ်ကို သူ့ရဲ့ယုတ်မာပြီး သိုသိပ်လွန်း၊လျှို့ဝှက်လွန်းတာတွေကြောင့် နိုင်ငံတွင်းအခြေအနေအစစ်အမှန်ကို သိရဖို့ ခက်ခဲတဲ့ နိုင်ငံအဖြစ် အမှတ်ထားကြပါတယ်။

အိန္ဒိယရဲ့ ထောက်လှမ်းရေး အေဂျင်စီတွေ၊ ပါကစ္စတန်နဲ့ အခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ရုရှားနဲ့ အစ္စရေးတို့ ရဲ့ ထောက်လှမ်းရေးအေဂျင်စီတွေကို လူသိများကြပေမယ့် တရုတ်ရဲ့ ထောက်လှမ်းရေးကတော့ လျှို့ဝှက်ခြင်းတွေနဲ့ ဖုံးကွယ်ရစ်ပတ်ထားပါတယ်။ သို့ပေမယ့် The Print ကိုပြောတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းကလာတဲ့ သတင်းရင်းမြစ်တွေအရ ယင်းအလွှာတွေက တဖြေးဖြေးနဲ့ ကွာကျလာနေပါပြီ။

သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ သူတို့က နယ်ပယ်အလွှာအသီးသီးကို ဝင်ရောက်ထိုးဖောက် လှုပ်ရှားနေရုံသာမက မီဒီယာ ဒါမှမဟုတ် စီးပွားရေးနယ်ပယ်တွေမှာပါမကျန် ပါဝင်နိုင်ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီအများအပြားနဲ့ အခြားစီးပွားရေး လုပ်ငန်းတွေက တရုတ်ကွန်မြူနစ်ပါတီနဲ့ သာမက စစ်ဖက်တို့နဲ့ပါ အဆက်အသွယ်တွေ ရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ အထက်ပါပြောဆိုချက်တွေကို စစ်ဆေးအတည်ပြုနိုင်ဖို့ ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံက ကန့်သတ်မှုများပြီး ထိန်းချုပ်ထားတဲ့ လူမှုအသိုင်းအဝိုင်းဖြစ်နေတာရယ်၊ ဘာသာစကား အခက်အခဲရှိတာကြောင့်ရယ်ပါ။

ဒီတစ်ပတ်မှာတော့ The Sydney Morning Herald ဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်ကဏ္ဍအတွက် Peter Hartcher က နောက်ဆုံးထုတ်ဝေထားတဲ့ Australian Foreign Affairs စာစဉ်မှာ ဖော်ပြထားတဲ့ ‘သစ္စာရှိသော ပါတီ'( Party Faithful )အမည်ရတဲ့ ဆောင်းပါးကို မှီငြမ်းထားပါတယ်။ အဆိုပါ ဆောင်းပါးတွင် နယူးဇီလန်ရဲ့ ကန်တာဘူရီ တက္ကသိုလ် (University of Canterbury)မှ နိုင်ငံရေး သိပ္ပံ ပါမောက္ခဖြစ်သူ အန်း မာရီ ဘရတ်ဒီ (Anne-Marie Brady) ရဲ့ တရုတ်ထောက်လှမ်းရေးအေဂျင်စီတွေအကြောင်း ပါဝင်ပါတယ်။

အမေရိကန်နိုင်ငံသား Peter Mattis နဲ့ ဘရာဇီးနိုင်ငံသားတို့ ၂၀၁၉ မှာ ရေးသားထုတ်ထားတဲ့ Chinese Communist Espionage: An Intelligence Primer စာအုပ်မှာ သူလျှိုထောက်လှမ်းရေး ကွန်ရက်တွေမှာ လူပေါင်းမြောက်များစွာနဲ့ တရုတ်နိုင်ငံက အခြားနိုင်ငံတွေထက်ပိုပြီး ပါဝင်ပတ်သတ် လှုပ်ရှား နေတယ်လို့ဆိုထားတာတွေကို ဆောင်းပါးရှင် Hartcher ကကိုးကားထားပါတယ်။

နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (Ministry of State Security)

ပထမဦးဆုံး ဖြစ်တည်လာတဲ့ တရုတ်နိုင်ငံရဲ့ အရပ်သားထောက်လှမ်းရေး အေဂျင်စီက နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (Ministry of State Security) ခေါ် MSS ပါ။ ပါမောက္ခ ဘရတ်ဒီ ကတော့ ကမ္ဘာကြီးကို “နယ်ပယ်ပေါင်းစုံနဲ့ အလွှာအသီးသီးကို ဘက်စုံ ထိုးဖောက်လှုပ်ရှားနေတဲ့ အေဂျင်စီ” လို့ သူ့ဆောင်းပါးမှာ ဖော်ပြထားပြီး MSS က ဆိုဗီယက်ပြည်ထောင်စုတုန်းက KGB နဲ့ အလားသဏ္ဍာန်တူပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ရရင် နိုင်ငံတော်လုံခြုံရေးကော်မတီလို့ မှတ်ယူနိုင်ပါတယ်။

၁၉၈၃ မှာ စတင် ဖွဲ့စည်းခဲ့တဲ့ MSS ရဲ့ အဓိက တာဝန်တွေက တန်ပြန်ထောက်လှမ်းရေး၊ ပြည်ပထောက်လှမ်းရေး စသည်တို့အပြင် ပြည်တွင်း အနီးကပ်စောင့်ကြည့်လေ့လာရေးနဲ့ နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး တာဝန်တွေပဲ ဖြစ်ပါတယ်။ သူ့သဘောက အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) နဲ့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) တို့ နှစ်မျိုးကြား ပုံစံသဘောလို့ ဖော်ပြကြပါတယ်။

MSS က အများပြည်သူရှေ့မှာတော့သုတေသနဝန်ကြီးဌာနအနေနဲ့ အသွင်ယူထား ပြီး ‘မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးရာ တရုတ်အင်စတီကျု’ ကို တည်ထောင်ထားပါတယ်။ ၁၉၈၀ မှာတော့ ‘အင်စတီကျု တစ်ခုတည်း’အဖြစ် ရပ်တည်ခဲ့ပြီး ၂၀၀၃ မှသာ ‘အင်စတီကျုများ’ ဖြစ်လာတာပါ။

The South China Morning Post ကဖော်ပြထားတဲ့ သတင်းအရ “၂၀၁၇ မှာ ပြဋ္ဌာန်းခဲ့တဲ့ အမျိုးသားထောက်လှမ်းရေး ဥပဒေအရ MSS သည် အခြားထောက်လှမ်းရေး အာဏာပိုင်တွေနှင့် နည်းတူ တရုတ်ပြည်တွင်းရော ပြည်ပမှာပါ မျိုးစုံတဲ့ သူလျှိုထောက်လှမ်းရေး လှုပ်ရှားမှုတွေကို တွင်တွင်ကျယ်ကျယ်လုပ်လို့ ရနိုင်တဲ့ လုပ်ပိုင်ခွင့်ပါဝါက ကျယ်ပြန့်လာပြီး၊ ပြည်ပနဲ့ ပြည်တွင်းမှာရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အနီးကပ်စောင့်ကြည့်တာတွေ၊ စုံစမ်းစစ်ဆေးတာတွေအပြင် အဆိုပါ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို သူလျှိုထောက်လှန်းရေးလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ဒါမှမဟုတ် ကူညီထောက်ပံ့ပေးဖို့ကို MSS အနေနဲ့ တိုက်ရိုက် အမိန့်ပေး စေခိုင်းပိုင်ခွင့်ပါရှိနေပါတယ်။”

အဆိုပါ ၂၀၁၇ အမျိုးသားထောက်လှမ်းရေး ဥပဒေအရ ထောက်လှမ်းရေးလုပ်ငန်းစဉ်ကို ကြန့်ကြာစေတဲ့သူ ဒါမှမဟုတ် လျှို့ဝှက်ချက်ကို ပေါက်ကြားစေတဲ့မည်သူ့ကိုမဆို အုပ်ချုပ်ရေးအာဏာအရ ၁၅ ရက်အထိ ချုပ်နှောင် ထိန်းသိမ်း ဖမ်းဆီးထားခွင့် ရှိပါတယ်။
ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (Ministry of Public Security)
ဤဝန်ကြီးဌာနကတော့ ပြည်တွင်းလုံခြုံရေးဖြစ်စဉ်နဲ့ လှုပ်ရှားမှုတွေ၊ အစိုးရကို ဆန့်ကျင်တဲ့သူတွေကို စောင့်ကြည့်တာတွေ အပြင် အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကိုပါ လုပ်ဆောင်ပါတယ်။ MPS က တရုတ်ရဲ့ ပြည်ထဲရေး ဆိုက်ဘာ ပေါ်လစီကို ထိန်းချုပ်ထားလျက်ရှိပါတယ်။

အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်ကဒ်တွေ၊ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာကိစ္စတွေကအစ တရုတ်နိုင်ငံသားနဲ့ နိုင်ငံခြားသားတွေ ပြည်တွင်း ဝင်ရောက်မှုနဲ့ ထွက်ခွာမှုတွေ အပါအဝင် လူတွေ ဘယ်နေရာမှာတွေ့ဆုံတယ်၊ ဘယ်နေရာမှာ ဆန္ဒပြပွဲတွေ လုပ်တယ် ကအစ စောင့်ကြည့်တာမျိုး တွေကို လုပ်ဆောင်ပါတယ်။ MPS က တရုတ်ပြည်ကြီးကို သိုသိုသိပ်သိပ်ဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်တဲ့ အရေးပါသော ဝန်ကြီးဌာနဖြစ်နေပါတယ်။ ဝန်ကြီးဌာနချင်း ပူးပေါင်း ထောက်လှမ်းရေးဗျူရို (Joint Staff Department Intelligence Bureau) ဤ ဌာနကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရဲ့ ပြင်ပထောက်လှမ်းရေးအေဂျင်စီပဲဖြစ်ပါတယ်။

“JSD ထောက်လှမ်းရေးက သူလည်း သူ့လူတွေကို ပြည်ပနိုင်ငံတွေကို စေလွှတ်ပြီး ကုမ္ပဏီတွေ တက္ကသိုလ်တွေနဲ့ အခြားသင့်တော်ရာနေရာမှာ undercover operative အနေနဲ့ သူလျှိုလုပ်ခိုင်းလေ့ရှိတယ်။ JSDမှလည်း မျက်နှာဖုံးအနေနဲ့ ‘တရုတ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး အင်စတီကျု’ ဆိုတဲ့ အဖွဲ့အစည်းရှိပြီး နိုင်ငံခြား စစ်ဖက်အရာရှိတွေ လာရောက်ရင် ကြိုဆိုပေးလေ့ရှိပါတယ်။ JSD အနေနဲ့ နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု အဖွဲ့ကိုလည်း တာဝန်ယူ လုပ်ဆောင်နေပါသေးတယ်။” လို့ Hartcher က သူ့ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

မဟာဗျူဟာထောက်ပံ့ရေးအဖွဲ့ (Strategic Support Force)

ဤအေဂျင်စီသည်လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကနေ ကိုင်တွယ်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ဆိုက်ဘာစစ်ဆင်ရေးတွေနဲ့ သက်ဆိုင်တဲ့ အလုပ်မှန်သမျှ ကိုလုပ်ဆောင်ပါတယ်။ ပြည်ပနိုင်ငံတွေရဲ့ စစ်ဖက်နဲ့ စီးပွားရေး လျှို့ဝှက်ချက်တွေကို ပစ်မှတ်ထား တဲ့ကွန်ပျူတာတိုက်ခိုက်မှုတွေကို ပြုလုပ်ပြီး ပြည်ပနိုင်ငံရေးတွေကို ဝင်ရောက်စွက်ဖက်တာတွေကအစ PsyOps လို့အများခေါ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးတွေအဆုံး လုပ်ဆောင်လျက်ရှိပါတယ်။

PLA ရဲ့ သတင်းအချက်အလက်စစ်ဆင်ရေး တပ်ဖွဲ့ အသစ်တစ်ဖွဲ့ ဖြစ်တဲ့ SSF မှာ အဓိက မစ်ရှင် ၂ ခုပဲရှိပါတယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် သုတေသနဲ့ လေ့လာဆန်းစစ်ရေး အင်စတီကျုတစ်ခု ဖြစ်တဲ့ ဂျိမ်းဖောင်ဒေးရှင်း (The James Foundation) က ရှင်းလင်းချက်ပေးဖူးတာရှိပါတယ်။

“ပထမတစ်ခုက ရှိတဲ့ ဝေဟင်အာကာသနဲ့ ရှိပြီးသား Network-based capacities တွေကနေတဆင့် PLA ကို မဟာဗျူဟာကျတဲ့ သတင်းအချက်အလက်တွေကို ပေးပို့ရာမှာ အချက်ပြဆက်သွယ်ရေးတွေ၊ မြေပုံလမ်းညွှန်းအချက်ပြစနစ်တွေနဲ့ တည်နေရာပြ ထောက်လှမ်းရေးစနစ်တွေအပါအဝင် အနီးကပ်စောင့်ကြည့်ရေး၊ ဝေဟင်ထောက်လှမ်းရေးစနစ်တွေကို အထောက်အကူပေးရေးနဲ့ စစ်ဖက်ဆိုင်ရာ သတင်းအချက်လက်အခြေခံအဆောက်အအုံတွေကို အကာအကွယ်ပေးရေးတို့ ပါဝင်ပါတယ်။” လို့ သူကဆိုပါတယ်။

“ဒုတိယအချက်က SSF အနေနဲ့ Space and counter-space၊ ဆိုက်ဘာနယ်ပယ်၊ လျှပ်စစ်သံလိုက်နည်းပညာဆိုင်ရာ စစ်ဆင်ရေး၊ စိတ်ဓာတ်စစ်ဆင်ရေးစတဲ့ သတင်းစစ်ဆင်ရေးတွေ ပါဝင်ပါတယ်။” လို့ သူက ဖြည့်စွက်ထားပါသေးတယ်။

(ယခုဖော်ပြပါ အကြောင်းအရာသည် Snehesh Alex Philo ၏ The Print Website တွင် 18 July, 2020 က ရေးသားထားသော Ministries of security, Strategic Support Force- China’s intel agencies & how they operate ဆောင်းပါးအား ဘာသာပြန်တင်ပြထားခြင်းသာဖြစ်သည်။)

CRD_Burma Associated Press