သားခြေရာတစ်တောင်မောင်မဲခေါင်နှင့် မိခင်ဖြစ်သူဖျာလိပ်နတ်မအောင်ဖြူတို့ရဲ့ ဘဝဇတ်ကြောင်း

ပုဂံပြည်ကျစွာမင်းကြီး နန်းစံသောချိန်အခါကဖြစ်သည်။ အောက်မြို့ဒေသမြို့ သုံးမြို့ကိုအပိုင်စားရသော သုံးမြို့ရှင်သည် သာယာဝတီမြို့ကိုတည်ရာတွင် မြို့ရိုးတံတိုင်းထူ၍မရသောကြောင့် ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့အား မေးမြန်းလေသည်။

ပုဏ္ဏားတို့က အောင်ပါသောတနင်္ဂနွေသမီးတစ်ယောက်ကို ဖျာ လိပ်ကိုပွေ့လျက် သံခမောက်ဆောင်းကာ သပြေခက်ကိုနားမှာပန်လျက် အချိန်အခါကျလျှင် လာပါလိမ့်မည်။ ယင်းတနင်္ဂနွေသမီးကိုစတေးပါက အောင်မြင်ပါလိမ့်မည်” ဟု လျှောက်တင်ကြလေသည်။

ထိုအခါမင်းအမိန့်အရ မင်းမှုထမ်းတို့သည် ထိုနေရာတွင် အောင်ပါသော အမျိုးသမီးလာရာအရပ်ကို စောင့်မျှော်၍နေကြလေသည်။ သုံးမြို့ရှင်၏တူတော်သူ ပညာဗလအမတ်သည် လူကြီးများက စေ့စပ်ပေးစားသော မြို့ဝန်သမီးကိုမယူပဲ ရွာသူကြီးသမီး မအောင်ဖြူကိုသာယူသဖြင့် မြို့ဝန်မင်းသည် ပညာဗလ အပေါ်မှာ အမျက်ထွက်ပြီး “တိုင်းပြည်ကို လုပ်ကြံလိမ့်မည်ဟု သတင်းလွှင့်၍ သုံးမြို့ရှင်ထံကုန်းချောစကား လျှောက်ထားလေသည်။

မြို့ဝန်၏စကားကိုယုံကြည်ပြီး သုံးမြို့ရှင်ကလည်း ပညာဗလကို ဖမ်းဆီး အကျဉ်းချထားသည်။ ထို့ပြင်ပညာဗလ၏ နှမ ” မမင်းလှ ” ကိုပါ ဖမ်းဆီးသိမ်းယူရန်ကြံပြန်သည် ။

မမင်းလှသည် ဦးရီးတော်သုံးမြို့ရှင်၏ ပြုမှုချက်ကို မခံမရပ်နိုင် ဖြစ်ကာ ဦးရီးတော်၏ အသိမ်းပိုက်ကိုမခံပဲ မိမိကိုယ်ကို အသက်အောင့်၍သေလိုက်ရာ သုံးပန်လှနတ်ဖြစ်သွားလေသည်။ ယင်းသုံးပန်လှနတ်သည် အပျိုဘဝ၌ကွယ်လွန်သဖြင့် သမီးရည်းစားစုံတွဲ နေထိုင်မှုများ၊ အချစ်နှင့်ပတ်သက်သော ကိစ္စများကို မကြိုက်ချေ။

မအောင်ဖြူသည် ယင်း၏ယောက်ျား ရာဇဝတ်သင့်သည်ဟု ကြား၍ တွေ့ဆုံရန်လိုက်လာရာတွင် မြို့ပေါ်၌ချက်ပြုတ် စားသောက်ရန်အတွက် သံဒယ်အိုးယူဆောင်လာပြီး အပူဒဏ်ကာသည့်အနေဖြင့် ထိုသံဒယ်ကိုခေါင်းတွင်ဆောင်းကာ အိပ်ရန် အတွက် ဖျာကိုလိပ်ယူပိုက်ပြီး လိုက်လာလေသည်။

လမ်းခရီး၌တွေ့သော သပြေခက်အား နားမှာပန်လျက် မြို့တော်သို့ဝင်လေ၏ ။ မြို့သို့ရောက်သောအခါ စောင့်ဆိုင်းနေကြ သော မင်းမှုထမ်းများကတွေ့ရှိပြီး စစ်ဆေးမေးမြန်းခံရသည်တွင် ပုဏ္ဏားတော်များ ဟောကြားချက်နှင့်ကိုက်ညီသော အောင်ပါသောနာမည်ဖြစ်၍ ချက်ချင်းပင်မြို့ရိုးတိုင်ထူမည့် တွင်းကြီးထဲသို့ ထည့်သွင်းကာစတေးလေသည် ။

မစတေးမီမအောင်ဖြူက အပြစ်မရှိသောမိမိအား စတေးသည့်အတွက် သာယာဝတီနယ်တွင် ဆင်ကောင်းမြင်းကောင်းမထွန်းကားပါစေနှင့် ထွန်းကားပါကလဲ အသေဆိုးပါစေ။ ဘုန်းကြီးသောယောင်္ကျား မပေါ်ပါစေနှင့် ပေါ်ခဲ့သည်ရှိသော် ငယ်ရွယ်နှင့်အသေဆိုးပါစေ။

မိန်းမကောင်းမထွန်းကားပါစေနှင့် ထွန်းကားပါက ပြည့်တန်ဆာဖြစ်ပါစေ ။ ကြီးပွားတိုးတက်ခြင်းလည်း မရှိကြပါစေနှင့်ဟုကျိန်စာ ဆိုသွားလေသည်။ ထို့ပြင်မိမိသည် လင်ကိုချစ်မြတ်နိုးရာဖြစ်လေရာ ဘဝတွင်လင်ယောက်ျားနှင့် ပေါင်းသင်းရပါစေသား” ဟူ၍လည်း ဆုတောင်းသွားလေသည်။

(ထိုမအောင်ဖြူ၏ကျိန်စာကြောင့် သာယာဝတီနယ်သည် လူမိုက်များပေါများသည်ဟု ဆိုစမှတ်ပြုကြသည်။) မအောင်ဖြူသည် စတေးခံရ၍သေဆုံးသောအခါ စိတ်ကြမ်းကိုယ်ကြမ်း ကျိန်ဆဲ၍သေရသောကြောင့် နောင်ဘဝတွင်ဘီလူးမဖြစ်သွား လေသည်။

ဘီလူးမဖြစ်သောအခါ ထောင်သွင်းအကျဉ်းချ ထားခြင်းခံရသော မိမိ၏လင်ယောက်ျားကို တန်ခိုးဖြင့်ယူဆောင်၍ သူမ ပိုင်ဆိုင်ရာ နယ်ပယ်အတွင်းသို့ခေါ်ဆောင်သွားပြီး အတူတကွပေါင်းသင်း နေထိုင်ကြလေသည်။

မကြာခင်သားတစ်ယောက် မွေးဖွားလေသည်။ ထိုသားသည် ဘီလူးမနှင့်လူသားညား၍ ပေါက်ဖွားလာသောကြောင့် ခွန်အားဗလကြီးမားကာ အရွယ်ရောက်တဲ့ချိန်တွင် ခြေဖဝါးသည် တစ်တောင်ခန့်ရှိ၍ ယင်းကိုခြေရာ တစ်ထောင်မောင်မဲခေါင်ဟု ခေါ်တွင်လေသည်။ ဆင်ကိုပင်ဖမ်း၍ အစွယ်ကိုချိုးနိုင်သော ခွန်အားဗလ စွမ်းရည်သတ္တိနှင့်လည်းပြည့်စုံလေသည်။

မောင်မဲခေါင်သည် ဖခင်၏ပြောပြချက်အရ လူသားများ နေထိုင်ရာကို သွားချင်လှသည်ကတစ်ကြောင်း မတော်ကလည်း ဘီလူးမဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့်ထိုနေရာတွင် နေလိုစိတ်မရှိပေ။

တစ်နေ့တွင် မယ်တော်ပြင်ပထွက်၍ အစာရှာနေခိုက် ဖခင်ကို ထမ်း၍ထွက်ပြေးလေသည်။ မယ်တော်ဘီလူးမကလည်း ပြန်ရောက်၍သိလျှင်သိချင်း လိုက်လေရာ သူပိုင်သောနယ်ပယ်ကို ကျော်သွားပြီ ဖြစ်သည့်အတွက် ဆက်လက်မလိုက်နိုင်တော့ပဲ သားနှင့်လင်အတွက် အပူမီးတောက်လောင်ကာ ရင်ကွဲနာကျပြီး သေဆုံးလေသည်။

ဘီလူးမဘဝမှသေဆုံးစဉ်ကို စိတ်စောနေ၍ လူ့ဘဝမအောင်ဖြူ ဖြစ်စဉ်က ကျန်ရစ်ခဲ့သောဖျာလိပ်ကို သတိရစွဲလမ်းချက် ဥပါဒါန်ကြောင့် ဖျာလိပ်နတ်မအောင်ဖြူ ဖြစ်လာလေသည်။ ဖျာလိပ်နတ်မအောင်ဖြူသည် လင်နှင့်သားကိုစိတ်နာသောကြောင့် သူမကိုတင်မြှောက်ပသသောအခါ ယောက်ျားများကိုင်တွယ် ပူဇော်ပသခြင်းမပြုရပေ။ မိန်းမများသာပူဇော် ပသရသည်။

ဖျာလိပ်နတ် မအောင်ဖြူတင်မြှောက်ရာတွင် ကန်တော့ပွဲ၌ ထည့်ရိုးထုံးစံဖြစ်သော အုန်း၊ ငှက်ပျောကိုထည့်ပြီး ပွဲရှေ့၌ ဖျာလိပ်သစ်တွင် ထဘီ၊ အင်္ကျီ၊ ဆံစု၊ ဘီးစသည်ဖြင့် လူကဲ့သို့ ဝတ်ဆင်လျက် ကျောက်ပြင်၊ သနပ်ခါးတုံး၊ မှန်တို့ဖြင့် အဆင်သင့်ထားပေးရသည်။

အပျိုအရွယ် မိန်းမပျိုကလေးများ ဆုံမိကြသည့်အခါ မိမိရည်မှန်းထားသူနှင့် ပေါင်းသင်းရမှုမှန်ပါလျှင် မအောင်ဖြူ သခင်မကြီးက ဘယ်နှစ်ချက်ရိုက်ပြတော်မူပါဟု အပျော်အပါး ရယ်စရာ မေးမြန်းကြလေ့ရှိသည်။

အမျိုးသမီးလောကတွင် ထင်ရှားသောနတ်တစ် ပါးဖြစ်လေသည်။ မအောင်ဖြူနတ် ဝင်ပါကဖျာလိပ်ဘယ်ညာယိမ်း ပြသည်ဟု ယုံကြည်ကြလေသည်။ ကြို့ပင်ကောက်မြို့သို့ ကြုံတုန်း ကြုံခိုက်ရောက်ရှိပါက သွားရောက်လေ့လာနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား ကိုယ်တိုင်သွားရောက် လေ့လာရသလောက်မျှဝေခြင်းပါ။

စစ်သွေးသစ္စာ (စစ်သည်တော်ဟောင်းတစ်ဦး) crd