သင်တို့အချိန်မရွှေးငှားရမ်းနိုင်တဲ့ ကမ္ဘာထိပ်တန်းကြေးစားစစ်တပ် 5 ခု

လက်နက်ကိုင်ပဋိပက္ခတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ယနေ့တိုင်ချုပ်ငြိမ်းခြင်းမရှိသေးပဲ နောင်လာမဲ့အနာဂတ်မှာလည်း ချုပ်ငြိမ်းဖို့ရာလမ်းစလည်းမမြင်ရသေးပါဘူး။ လက်နက်ကိုင်ပဋိပက္ခတစ်ခုချင်းစီဟာ အမျိုးအစားကွဲပြားလေ့ရှိပေမယ့် သက်ဆိုင်ရာအဖွဲ့တိုင်းမှာတော့ ဘုံရည်မှန်းချက်ရှိကြပြီး သူတို့ရဲ့လက်နက်ကိုင်တပ်တွေရဲ့  စွမ်းဆောင်ရည်ကို အမြဲမြှင့်တင်နေကြတာလည်း အတူတူဖြစ်ပါတယ်။

ဒီနေရာမှာအများသိထားတာက လက်နက်ကိုင်စစ်တပ်လို့ဆိုလိုက်ရင် အစိုးရတပ်မတော်တွေ၊ ပုန်ကန်သူအဖွဲ့အစည်းတွေကိုသာ လူတွေကပြေးမြင်ကြပြီး ပုဂ္ဂလိကစစ်တပ်လိုအဖွဲ့အစည်းတွေကိုတော့ လူသိနည်းပါးကြပါတယ်။

(၂၀)ရာစုနှောင်းပိုင်းနဲ့ (၂၁) ရာစုကာလအစောပိုင်းက ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေအတွင်းမှာပဲ ပုဂ္ဂလိကစစ်တပ်တွေဟာ သိသိသာသာ ပါဝင်လာခဲ့တာကိုတွေ့ရပြီး နောက်ပိုင်းမှာဆိုရင် သက်ဆိုင်ရာအစိုးရက တရားဝင်ခွင့်ပြုချက်နဲ့ ကုမ္ပဏီတွေအထိ တည်ထောင်ရပ်တည်လာခဲ့ကြပါတယ်။

အများအမြင်မှာတော့ ဒီကုမ္ပဏီတွေဟာ ရေနံပိုက်လိုင်း၊ လေဆိပ်နဲ့  နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေအဖြစ် နာမည်ခံထားကြပေမယ့် သူတို့ရဲ့မူရင်းအလုပ်ကတော့ လက်နက်ရောင်းချခြင်းနဲ့ ကြေးစားစစ်မှုထမ်းတာဖြစ်ပါတယ်။ ကြေးစားစစ်သားတွေ ငှားရမ်းအသုံးပြုခဲ့တဲ့ဓလေ့ကတော့ ရှေးရောမခေတ် မှတ်တမ်းတွေမှာရှိခဲ့သလို မြန်မာသမိုင်းဘက်ကို ကြည့်မယ်ဆိုရင်လည်း အနောက်ဘက်လွန်မင်းကွက်မျက်ခဲ့တဲ့ ပေါ်တူဂီကြေးစားစစ်ဗိုလ် ငဇင်ကာတို့လို သက်သေအထောက်အထားတွေရှိတာကြောင့် စစ်သမိုင်းဘက်ကကြည့်မယ်ဆိုရင် အဆန်းကြီးတော့လည်းမဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ပုဂ္ဂလိကကြေးစားစစ်တပ်များစွာ ရှိတဲ့အနက်က ဒီနေရာမှာ မျှဝေပေးချင်တာကတော့ ကမ္ဘာထိပ်တန်း ပုဂ္ဂလိကစစ်တပ် 5 ခုရဲ့ အကြောင်းအရာ အချို့ဖစ်ပါတယ်။ သူတို့အားလုံးဟာ စည်းစနစ်ကျနတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်ပြီး ဝင်ငွေလည်းသောက်သောက်လဲ ရရှိသူတွေဖြစ်ကြပါတယ်။

ကမ္ဘာပေါ်မှာ လက်ရှိအချိန်ထိ တရားဝင်ကြေးစားစစ်သည် (၆၂၅၀၀၀)ဦးလောက် ရှိနေတယ်လို့သိရပါတယ်။ ကြေးစားစစ်သည်တွေရဲ့ ရည်မှန်းချက်ကတော့ လက်ရှိရဲတပ်ဖွဲ့တွေ၊ သတင်းမီဒီယာတွေ၊ ကမ္ဘာကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းတွေလို ပြည်သူတွေကြားမှာ လုံခြုံးရေးအတွက် သီးသန့်ရပ်တည်နိုင်တဲ့ အဖွဲ့တွေဖြစ်လာဖို့ ရည်မှန်းထားကြပါတယ်။

(၅) Triple Canopy

အီရတ်မှာရှိတဲ့ အမေရိကန်စစ်တပ်နေရာမှာ တရားဝင်အစားထိုးဝင်ရောက်လာတဲ့ ကြေးစားစစ်တပ်ကုမ္ပဏီကတော့ (၂၀၀၃)ခုနှစ်က အမေရိကန်အထူးတပ်ဖွဲ့ စစ်ပြန်ဟောင်းတွေ ဖွဲ့စည်းထားတဲ့ Triple Canopyဖြစ်ပါတယ်။
Triple Canopy အဖွဲ့ဝင်အများစုကတော့ ယူဂန်ဒါနဲ့ ပီရူးနိုင်ငံသားတွေဖြစ်ကြပြီး ဒီအဖွဲ့နဲ့ အီရတ်အစိုးရနဲ့ သဘောတူစာချုပ်ဟာ အမေရိကန် ဒေါ်လာ(၁.၅) ဘီလီယံတန်ကြေးရှိပါတယ်။ သူတို့ရဲ့အဖွဲ့ဝင်အင်အားက ၂၀၀၀၀ ခန့်ရှိနေပြီး ရုံးချုပ်ကတော့ အမေရိကန်ဗာဂျီးနီးယားပြည်နယ် Reston မြို့မှာပါ။
Triple Canopy ဟာ အီရတ်မှာသာမက ဟေတီနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အစ္စရေးသံရုံးတွေရဲ့ လုံခြုံရေးကိုတာဝန်ယူထား တာကိုတွေ့ရပြီး အခြားသောအမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှု အဆောက်အအုံတွေမှာပါ အချိန်ပြည့် လုံခြုံရေးတာဝန်တွေ ထမ်းဆောင်နေကြတာဖြစ်ပါတယ်။
Triple Canopy ဟာ Constellis Group မှာပါဝင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး အခြားသော လုံခြုံရေးကုမ္ပဏီတွေဖြစ်တဲ့ ACADEMI၊ Oliver Group၊ Edinburgh International တွေနဲ့ပူးပေါင်းပြီး လုံခြုံရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ကမ္ဘာနဲ့အဝှမ်း လုပ်ဆောင်ပေးနေပါတယ်။

(၄) Aegis Defence Services

Aegis Defence Services ကြေးစားစစ်သည်အဖွဲ့မှာဆိုရင် စစ်သည် (၅၀၀၀) လောက်ရှိပြီး ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းတွေနဲ့ အမေရိကန်ရေနံကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးလုပ်ငန်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင်လျက်ရှိပါတယ်။

Aegis Defense Services လို့ စတင်သတိထားမိတဲ့ကာလကတော့ (၂၀၀၅)ခုနှစ် အီရတ်စစ်မြေပြင်အတွင်းမှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ဌာနချုပ်ကိုတော့ စကော့တလန်နိုင်ငံမှာ အခြေချပြီး ယနေ့အချိန်ထိ နိုင်ငံပေါင်း(၆၀)ကျော်လောက်မှာ စစ်မက်ရေးရာ လုံခြုံရေးနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံတော်တော်များများရဲ့ အစိုးရအဖွဲ့အစည်းတွေ၊ နိုင်ငံတကာအေဂျင်စီတွေ၊ အသင်းအဖွဲ့တွေရဲ့ လုံခြုံရေးနဲ့နည်းပညာကဏ္ဍကို အထိကထောက်ပံ့ပေးနေသူတွေဟာ အမေရိကန်အစိုးရ ၊စီအိုင်အေလို အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဆက်စပ်နေတာကိုတွေ့ရပြီး ပင်လယ်ရေကြောင်းသွားသင်္ဘောတွေ လုံခြုံရေးအတွက်ဆိုရင်တော့ Lloyd’s of London ရဲ့ Joint War Committee(JWC) လိုအဖွဲ့တွေကို ပဲအားကိုးနေရတာဖြစ်ပါတယ်။

ဆက်စပ်သိထားသင့်တာက ယင်းအဖွဲ့တွေရဲ့ လုံခြုံရေးဆိုင်ရာဝန်ဆောင်မှုတွေ ရယူတဲ့နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကန့်သတ်ထားတဲ့ နိုင်ငံတွေတော့ဖြစ်လို့မရပါဘူး။(ဥပမာ- မြောက်ကိုရီးယား၊အီရန် လိုနိုင်ငံတွေဖြစ်ပါတယ်။)

အထက်ပါအဖွဲ့တွေဟာ လုံခြုံရေးလုပ်ငန်းတွေအတွက် သင့်တော်တဲ့အကြံဉာဏ်တွေ ပေးလေ့ရှိသလို နည်းပညာဆိုင်ရာလိုအပ်ချက်တွေကိုလည်း အခကြေးငွေနဲ့ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။

ဒါအပြင် အရှေအလယ်ပိုင်းဒေသလို နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံသူ တွေကြုံတွေ့ရလေ့ရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ရန်ကြောင့်လည်း နိုင်ငံတကာကြေးစားတပ်တွေရဲ့ လုပ်ငန်းခွင်ဟာ ပိုမိုကျယ်ပြန့်လာစေပါတယ်။

Aegis Defence Services ဟာ ကမ္ဘာတစ်ဝှမ်း ကွန်ယက်များစွာကိုဖန်တီးပြီး သူတို့ရဲ့လုပ်ငန်းတွေကို ချဲ့ထွင်ခဲ့ကြပြီး နိုင်ငံအချို့ရဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ စစ်တပ်ဖွဲ့စည်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းစတဲ့ သင်တန်းတွေကိုတောင် ငွေရရင်ဖွင့်ပေးလေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း တစ်သီကြီးရှိနေတာကိုလည်းတွေ့ရပါတယ်။

(၃) Defion International

Defion International ကတော့ ထောင်ပေါင်းများစွာသော နိုင်ငံပေါင်းစုံက တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Defion International ရဲ့အဖွဲ့ငယ်တစ်ခုရဲ့ လစဉ်ကြေးကတော့ အနည်းဆုံးတစ်လကို အမေရိကန်ဒေါ်လာ (၁၀၀၀)သာ ကျသင့်ပြီး ရာဇဝတ်ဂိုဏ်းတွေအတွက်ပါ ကြေးစားစစ်မှုထမ်းခဲ့ကြတာကြောင့် နိုင်ငံအချို့ရဲ့ဒေါသထွက်၊ တိုင်တန်းခြင်းကိုခံရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

အဖွဲ့ရဲ့ဌာနချုပ်ကတော့ ပီရူးနိုင်ငံ၊လီမာမြို့မှာ အခြေစိုက်ပြီး စစ်မှုရေးရာပုဂ္ဂလိကကုမ္ပဏီတစ်ခုအနေနဲ့ တပ်သားသစ်လေ့ကျင့်မှုလုပ်ငန်းတွေ၊ ပစ္စည်းပို့ဆောင်ရေး လုပ်ငန်းတွေ/ထောက်ပံ့မှုလုပ်ငန်းတွေ၊ အုပ်ချုပ်ရေး၊ လက်နက်တပ်ဆင်ရေးလုပ်ငန်းတွေကို တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ Defion International ရဲ့ရုံးခွဲတွေကို အီရတ်၊ သီရိလင်္ကာ၊ဖစ်လပိုင်နဲ့ ဒူဘိုင်းတွေမှာလည်း ဖွင့်လှစ်ထားရှိပါတယ်။

အခြားကြေးစားစစ်သည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tripple အပြင် အမေရိကန်အစိုးရနဲ့ သဘောတူညီမှု စာချုပ်တွေချုပ်ဆိုထားပြီး အုပ်ချုပ်ရေးနဲ့ ထောက်ပံ့မှုအပိုင်းတွေမှ အင်္ဂလိပ်လူမျိုးပါမောက္ခတွေအထိ လာရောက်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

ဒါအပြင် စစ်ထောက်လှမ်းရေးဟောင်းတွေ စီအိုင်အေအေဂျင့်ဟောင်းတွေအပြင် အငြိမ်းစားယူပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေအထိ Defion International အဖွဲ့အတွင်းမှာပါဝင်နေပါတယ်။

(၂) Academi

အမေရိကန်အခြေစိုက် Academi ကြေးစားစစ်တပ်ကတော့ ယခင်က Blackwater အဖွဲ့ဆိုပြီး လူသိများပြီး နာမည်ကျော်အီရတ်စစ်မြေပြင်မှာ အစွမ်းပြခဲ့တဲ့ မှတ်တမ်းကောင်းတွေရှိပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန်အစိုးရရဲ့ စစ်လက်နက်ဆိုင်ရာ ပေါ်လစီတွေကြောင့် အဖွဲ့ဝင်ဦးရေကို လျော့ချခဲ့ပြီး ယနေ့အချိန်ထိ အီရတ်အစိုးရ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ အရှေအလယ်ပိုင်းက နာမည်ကျော်ပုဂ္ဂိုလ်တွေအတွက် ကြေးစားစစ်မှုထမ်းဆောင်နေဆဲဖြစ်ပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စု၊ နယူးအောလင်းပြည်နယ်မှာ ဟာရီကိန်းမုန်တိုင်း တိုတ်ခတ်ပြီးချိန်မှာလည်း အရေးပေါ်ကာလအဖြစ် ဒေသလုံခြုံရေးတာဝန်တွေကိုယူခဲ့သလို ဂျပန်နိုင်ငံအတွင်းက ဒုံးကျည်ကာကွယ်ရေးစနစ်လုပ်ငန်းတွေမှာလည်း လက်ရှိအချိန်ထိ တာဝန်ယူပေးနေတာကို တွေ့ရပါတယ်။ သူရဲ့ရုံးချုပ်ကတော့ အမေရိကန်ဗာဂျီးနီးယားပြည်နယ် Reston မြို့မှာ ရှိနေပြီး CIA လို အဖွဲ့ကြီးကတောင် သူ့ဆီကအကူအညီ ယူနေရပါတယ်။

(၁) G4S Security

ကမ္ဘာထိပ်တန်း ကြေးစားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ G4S Security ဟာ ဘဏ်တွေ၊ အကျဉ်းထောင်နဲ့ လေဆိပ်လုံခြုံရေးလုပ်ငန်းတွေကို အဓိကလုပ်ဆောင်နေတယ်ဆိုပေမယ့် ကမ္ဘာတစ်ဝှမ်းက မငြိမ်မသက်ဖြစ်နေတဲ့နေရာတွေကို လုံခြုံရေးပေးတဲ့ ကြေးစားစစ်သည်တွေအဖြစ်လည်း G4S Security တပ်ဖွဲ့တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး လုံခြုံရေးကုမ္ပဏီကြီးဖြစ်ပြီး အဖွဲ့ဝင်ပေါင်း ၅သိန်းကျော် နဲ့ဖွဲ့စည်းထားပါတယ်။
အီရတ်နိုင်ငံတွင်းက အကြမ်းဖက်တန်ပြန်ထိုးစစ်ပွဲတွေသာမက အထူးယာဉ်တန်းလုံခြုံရေးတွေအထိ GAS Security တွေ ပါဝင်ခဲ့ကြပြီး ယနေ့အချိန်မှာဆိုရင် အာဖရိကနဲ့ လက်တင်အမေရိကမှာရှိတဲ့ စစ်ရေးပရိပက္ခဖြစ်ပွားနေတဲ့ နေရာတွေအပြင် နိုင်ငံပေါင်း(၁၂၅)နိုင်ငံမှာ လုံခြုံရေးဝန်ဆောင်မှုတွေပေးနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

G4S Security ရဲ့ရုံးချုပ်ကတော့ လန်ဒန်မြို့မှာအခြေစိုက်ပြီး သက်ဆိုင်ရာအစိုးရနဲ့ တပ်မတော်တွေ ဖြေရှင်းဖို့ခက်ခဲနေတဲ့ စစ်ရေးဆိုင်ရာပြသာနာတွေကို သူတို့ရဲ့သတ်မှတ်ထားတဲ့ မူဝါဒနဲ့စိစစ်ပြီး ဝန်ဆောင်မှုပေးလေ့ရှိပါတယ်။

CRD_သုတဇုန်