လောကဓံကိုဖြစ်သလိုဖြတ်သန်းနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း

အသက်မပြည့်သေးဘဲ ပြည့်တန်ဆာလောကထဲရောက်သွားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း – ကျွန်တော်မျက်မှန်းတန်းမိနေတဲ့ ပြည့်တန်ဆာမလေးတစ်ယောက်ကို HIV ပိုး ရှိသူများအားထားရာ ရန်ကုန်မြို့ကအခမဲ့ဆေးပေးခန်းတစ်ခုမှာ မကြာသေးခင်ကတွေ့လိုက်ရပါတယ်။ သူနဲ့အတူပါလာတဲ့ အသက် ၄ဝ ဝန်းကျင်အရွယ်အမျိုးသမီးဟာသူ့မိခင်ဖြစ်ပြီး သူ့လိုပဲပြည့်တန်ဆာအလုပ်လုပ်ကိုင်သူပါ။

မိခင်အတွက်လိုအပ်တဲ့ဆေးဝါးထုတ်ယူဖို့ ဆေးခန်းရောက်နေကြတာလို့ဆိုပါတယ်။ ခန္ဓာကိုယ်နဲ့ရင်းအသက်မွေးဝမ်းကျောင်းပြုတဲ့ အရပ် ၄ ပေ ကျော်ကျော်၊ အသားညိုညို၊ပိန်ပိန်ပါးပါး မဝတ်ရည်(အမည်လွှဲ) က ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်မြို့လယ်မှာ အရွယ်စုံပြည့်တန်ဆာတချို့နဲ့အတူ ဖောက်သည်စောင့်နေတတ်သူပါ။ မြို့ထဲလမ်းမပေါ်ရှိနေတတ်တဲ့ဒီမိန်းကလေးကိုတွေ့တာနဲ့ အသက် ၁၈ နှစ် မပြည့်သေးဘူးဆိုတာကို အလွယ်တကူသတိထားမိကြပါလိမ့်မယ်။

ရန်ကုန်ရဲ့စော်ဘွားကြီးကုန်း၊ ဘုရင့်နောင်၊ ပြည်လမ်းမတလျှောက် ဖောက်သည်တစ်ယောက်ယောက်နဲ့ချိတ်မိရင် ရောက်သွားတတ်တဲ့နေရာကတော့ တည်းခိုခန်းတစ်ခုခုပါပဲ။

“တည်းခိုခန်းထဲဝင်လိုက်တာနဲ့ သမီးအသက်ဘယ်လောက်လဲမေးကြတယ်။ သမီးက ၁၈ နှစ် ပြည့်ပြီးသားလို့ပြောရင်လည်းမယုံကြတာကြောင့် သမီးဖောက်သည်ပျက်ရတဲ့အကြိမ်လည်း မနည်းတော့ဘူး” လို့

သူကဆိုတယ်။ လမ်းပေါ်မရောက်ခင်သူလုပ်ကိုင်ခဲ့တဲ့နေရာက အနှိပ်ခန်းတစ်ခုမှာပါ။ တကယ်တမ်းကအဲဒီနေရာဟာ လိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်ကိုင်တဲ့နေရာပါ။အဲဒီကိုရောက်ရောက်ချင်း သူပထမဦးဆုံးဖျော်ဖြေပေးရတာကတော့ အဲဒီအနှိပ်ခန်းပိုင်ရှင်ကိုပါပဲ။ ကမ္ဘာ့ရှေးအကျဆုံး အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကို နိုင်ငံအများအပြားမှာ ဥပဒေနဲ့တားမြစ်ထားတဲ့အတွက် တခြားလုပ်ငန်းတစ်ခုဗန်းပြပြီးလုပ်ကိုင်ကြပါတယ်။ ဥပဒေနဲ့မလွတ်ကင်းတဲ့အတွက် ပေးကမ်းရမယ့်သူတွေကို ပုံမှန်ပေးကမ်းပြီးလုပ်ငန်းလည်ပတ်နေကြတယ်ဆိုတာ သူတို့ရဲ့ဖောက်သည်တွေရော၊ ဖောက်သည်မဟုတ်သူတွေပါ နားလည်ထားပြီးသားပါ။ မြန်မာနိုင်ငံမှာလည်းဒီလိုပါပဲ။

အနှိပ်ခန်း၊ ကာရာအိုကေ၊ KTV စတာတွေရဲ့နောက်မှာ တားမြစ်ထားတဲ့လုပ်ငန်းရှိနေတတ်ပါတယ်။ တချို့ဆိုရင် အလှပြင်ဆိုင်ဗန်းပြဖွင့်တာတောင်ရှိနေပါပြီ။ဖောက်သည်တွေပုံမှန်ရှိ၊ လုပ်ကိုင်သူတွေလည်းရှိ၊ တားမြစ်ပိတ်ပင်ဖို့လည်းအခက်အခဲရှိတဲ့ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုပြီးစည်းကမ်းတကျ လုပ်ကိုင်ခွင့်မပေးသင့်ဘူးလားဆိုပြီး ဆွေးနွေးသူတချို့ရှိပါတယ်။ တားမြစ်ထားတဲ့ဒီလုပ်ငန်းထဲကအမျိုးသမီးတွေထဲမှာ တချို့ကအသက် ၁၈ နှစ် မပြည့်သေးပါဘူး။ အမျိုးသမီးတွေ ပြည်တန်ဆာလောကထဲ ဝင်ရောက်လုပ်ကိုင်ကြခြင်းဟာ ဆင်းရဲနွမ်းပါးမှုနဲ့ပတ်သက်နေတယ်လို့ Marie Stopes International Myanmar မှ မြန်မာပြည်ဆိုင်ရာညွန်ကြားရေးမှူး ဒေါက်တာစစ်နိုင်ကပြောပါတယ်။ ပြည့်တန်ဆာလုပ်ငန်းထဲ အသက် ၁၈ နှစ်အောက်အမျိုးသမီးတွေရှိနေတယ်ဆိုတဲ့အကြောင်း ဆောင်းပါးရေးဖို့ကျွန်တော်မဝတ်ရည်ကို အင်တာဗျူးဖြစ်တဲ့အချိန်မှာတော့ သူဟာသူ့မိခင်လို HIV ပိုးကူးစက်ခံရမှာကိုကြောက်ရွံ့ပြီး ဒီပြည့်တန်ဆာလောကကိုစွန့်ခွာဖို့ ပြင်ဆင်နေချိန်ဖြစ်နေပါတယ်။ ခန္ဓာကိုယ်ရင်းပြီး နေ့စဉ်ပုံမှန်ဝင်ငွေ သုံးသောင်းကနေငါးသောင်းလောက်အထိဝင်နေတဲ့ဘဝကနေ တစ်လမှကျပ် ၈ သောင်းသာရမယ့်ဖုန်းပစ္စည်းရောင်းတဲ့ဆိုင်မှာ ဝင်လုပ်ဖို့စီစဉ်နေတာပါ။ ကျွန်တော်တို့နိုင်ငံမှာ သူ့လိုအသက် ၁၈ နှစ်မပြည့်ခင်အရွယ်ထဲက ကိုယ့်ရဲ့အပျိုစင်ကိုရောင်းခံရ၊ အသုံးချခံရ၊ တချို့ဆိုရင်အကြမ်းဖက်ခံလိုက်ရပြီး ပြည့်တန်ဆာလောကထဲကိုရောက်သွားတဲ့သူ ဘယ်လောက်များရှိနေမလဲ၊ HIV ပိုး ကူးစက်ခံရသူဘယ်လောက် ရှိမလဲ။ မဝတ်ရည်နဲ့စကားပြောနေရင်း ရှိုက်သံတွေကြားရပါတယ်။ ကိုယ့်သမီးလေးများဖြစ်ရင်တော့ဆိုတဲ့ခံစားချက် ပေါ်လာတဲ့အတွက်စိတ်မကောင်းဖြစ်၊ ဆို့နင့်ခဲ့ရပါတယ်။ ကလေးအရွယ်မှာကတည်းက ကြမ်းတမ်းခတ်ထန်တဲ့ဘဝကို ရောက်သွားရတဲ့သူကိုမြင်ရတော့ ဘာကိုသွားအပြစ်တင်ရမှန်းမသိတော့ပါဘူး။ ပြည့်တန်ဆာအလုပ်ကို မကောင်းမှုလို့မြင်ကြပြီး ပြည့်တန်ဆာအမျိုးသမီးကို မကောင်းတဲ့မိန်းမလို့ဆိုတတ်ကြပါတယ်။

တချို့အမျိုးသားတွေက ကိုယ့်ဘာသာအပျော်အပါး တိတ်တဆိတ်လိုက်စားချင်လိုက်စားမယ်၊ တိတ်တိတ်ပုန်းအငယ်အနှောင်းထားချင်ထားမယ်၊ အများရှေ့မှာတော့ အာဘောင်အာရင်းသန်သန်နဲ့ “ဟာ ဒါ ယဉ်ကျေးမှုနဲ့မကိုက်ညီဘူး” လို့ ပြောကောင်းပြောပါလိမ့်မယ်။ လိင်ပညာပေးအစီအစဉ်တွေရှိရမယ်၊ မဖြစ်သင့်တာကိုမဖြစ်အောင်အသိပေးထားမှ နည်းမှန်လမ်းမှန်ဖြစ်မယ်လို့ပြောသူတွေလည်း ကဲ့ရဲ့ရှုတ်ချတာတွေနဲ့ကြုံရနိုင်ပါတယ်။ ပညာပေးသင့်တာပေး၊ ဆွေးနွေးသင့်တာဆွေးနွေးကြမယ်ဆိုရင်တော့ ရောဂါကူးစက်မှု၊မတရားလုပ်မှုတွေ ပမာဏအများအပြားကို လျှော့ချနိုင်ပါလိမ့်မယ်။

ပြည့်တန်ဆာနဲ့ပတ်သက်ပြီး ဥပဒေတွေကိုလည်းပြင်ဆင်ရပါမယ်။ ပြင်ဆင်တဲ့အခါလည်း အသက် ၁၈ နှစ်အောက်တွေ ပြည့်တန်ဆာလောကထဲရောက်မသွားအောင် လုံလောက်တဲ့အဟန့်အတားတွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်။ ဥပဒေတွေခေတ်နဲ့လျော်ညီမယ်၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းအရှိန်ရလာမယ်ဆိုရင် မဝတ်ရည်ကြုံတွေ့ခဲ့ရသလိုဖြစ်ရပ်မျိုးတွေ မြန်မာပြည်မှာ လျော့နည်းသွားမှာဖြစ်ပါတယ်။