မြေပြင်စစ်ပွဲကို မတုန်လှုပ်တဲ့ မင်းတပ်သူရဲကောင်းများ

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ကို လေကြောင်းကနေအပြင်းအထန်တိုက်ခိုက်ဖို့ လေယာဉ်တွေပို့ဆောင်နေကြပါပြီ။ ချင်းလက်နက်ကိုင်တွေနဲ့ ရက္ခိုင့်လက်နက်ကိုင်‌တွေရှိနေတဲ့ ချင်းပြည်နယ်မှာ စစ်တပ်ကဒီလိုအနေအထားပြင်ဆင်မှုမျိုး အရင်ကသိပ်မရှိခဲ့ပါဘူး။ အခုတော့လေယာဉ်တွေပါပို့ဆောင်နေကြပါပြီ။

လက်ရှိစစ်တပ်ဘက်က စစ်ရေးတည်ဆောက်နေမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ကိုမေးမြန်းကြည့်တဲ့အခါ “စစ်လေယာဉ်ကတော့ ဒီအပတ်မှာစစ်သားတွေလာပို့တယ်” လို့ ပြောပါတယ်။ ဒါကစစ်တပ်ဘက်က မြင်သာတဲ့စစ်ရေးတည်ဆောက်မှုပဲဖြစ်ပါတယ်။

ချင်းပြည်နယ်မင်းတပ်ဟာအခုဆိုရင် ကာကွယ်ရေးပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေရှိလာတာကြောင့် စစ်တပ်ဘက်ကအင်အားသုံးဖိအားပေးမှုတွေကို တစ်စတစ်စအရှိန်မြှင့်လာတာတွေ့ရပါတယ်။ ဒါပေမဲ့နှစ်ဖက်တိုက်ခိုက်ကြတဲ့တိုက်ပွဲတိုင်းလိုလိုမှာ စစ်တပ်ဘက်ကအကျအရှုံးများလာတယ်။ ဒါကြောင့်ပဲစစ်တပ်ဟာ လေကြောင်းကနေတိုက်ဖို့ ပြင်ဆင်လာတာကိုတွေ့ရတာပါ။

“CDF အနေနဲ့တော့အခုတိုက်မယ်ဆို လေပြင်ကနေတိုက်လာမှာကိုပဲကြောက်ရမှာပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်(မင်းတပ်)တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ မြေပြင်ကနေတိုက်ဖို့ စစ်ကောင်စီလက်အောက်ခံတပ်တွေ အခက်အခဲရှိလာတာကြောင့်လည်း လေကြောင်းကနေတိုက်ဖို့ပြင်ဆင်လာပုံပေါက်ပါတယ်။

CDF ဘက်ကတော့ မြေပြင်တိုက်ပွဲတိုင်းအသာစီးရယူနိုင်တာများပါတယ်။ “ကုန်းကြောင်းသာဆိုရင်တော့ CDF ရဲဘော်တွေ အားလုံးကအဆင်သင့်ပါပဲ” လို့ သူကဆက်ပြောပါတယ်။ စစ်တပ်ရဲ့လေကြောင်းကနေစစ်ရှိန်မြှင့်ခြင်းဟာ မင်းတပ်ရဲ့ပြည်သူ့ကာကွယ်ရေးယန္တရားကိုထိန်းသိမ်းဖို့ စစ်တပ်ရဲ့လုပ်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ အရင်မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စတိုက်စဉ်တုန်းကလည်း လေကြောင်းနဲ့တိုက်ခိုက်ပြီး မင်းတပ်ကိုစစ်တပ်ကထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အခု ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က အရင်နဲ့မတူတော့ဘဲ တိုက်ပွဲတိုင်းမှာ အသာစီးယူထားနိုင်လာပါတယ်။

“အရင်လိုကျဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူး” လို့ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောပါတယ်။ လက်ရှိမင်းတပ်မှာ တိုက်ပွဲတွေအမြဲလိုလိုဖြစ်နေပြီး ဒီနေ့လည်းတိုက်ပွဲဖြစ်နေပါတယ်။

ဇူလိုင်လ ၃၀ ရက်ညနေပိုင်းတိုက်ပွဲမှာဆိုရင်လည်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကသာတပ်ရင်းဖြစ်တဲ့ ခမရ (၃၀၉) တပ်ရင်းရဲ့ တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးဇော်ဇော်စိုးအပါအဝင် စစ်သားအချို့ကျဆုံးကာ အများအပြားဒဏ်ရာပြင်းထန်ရသွားပါတယ်။

“တစ်ချို့ထွက်ပြေးတဲ့သူတွေလည်းရှိတယ်” လို့ မင်းတပ်ကာကွယ်ရေးတာဝန်ရှိသူကဆိုပါတယ်။ လက်ရှိမှာစစ်တပ်ဘက်က တပ်ရင်းမှူးသုံးဦးလောက်အထိကျသွားပြီလို့ဆိုပါတယ်။

ယနေ့အထိစစ်တပ်ဘက်က အယောက် ၂၀၀ ကျော် ကျဆုံးခဲ့ပြီးဖြစ်တယ်လို့ CDF ပြန်ကြားရေးတစ်ဦးကဆိုပါတယ်။ ဒါကအခြားသော PDF တွေထက်သက်တမ်းနုလှတဲ့ CDF ရဲ့ လက်စွမ်းထက်မှုပါ။ CDF နဲ့စစ်ကောင်စီတပ်တွေ အကြိမ်သုံးဆယ်လောက်အထိ တိုက်ခဲ့ရတဲ့တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကကျသွားသူအရေအတွက်လည်းဖြစ်ပါတယ်။ ဒါတောင်စစ်တပ်ကကျသွားတဲ့သူတွေကို အလောင်းဖျောက်တာတွေ လုပ်ခဲ့ကြတယ်လို့ CDF ဘက်ကဆိုပါတယ်။

ဒီတစ်ခါ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ချင်းပြည်နယ်ပြည်သူ့ကာကွယ်ရေးဘက်က အကျအဆုံးရှိလာနိုင်သလား။ CDF ဘက်ကတော့ ရာသီဥတုကြည်လင်ချိန်ပဲတိုက်ဖို့ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ်။ မြင့်မားပြီးနှင်းထူထပ်နေတဲ့ ချင်းတောင်လိုနေရာမှာ လေကြောင်းကနေတိုက်ဖို့ သိပ်မဖြစ်နိုင်ဘူးလို့ပြောပါတယ်။

CDF ဟာစစ်ကောင်စီတပ်တွေရဲ့ လက်နက်ကောင်းတွေကိုအာခံပြီးတိုက်နေကြရတာပါ။ “ ကျနော်တို့လက်နက်တော်တော်များများက တူမီးနဲ့ခါးချိုးတွေကိုကိုင်နေကြရတာပါ။ အဓိကတော့ ကျနော်တို့ရဲ့ သေရဲသတ်ရဲတဲ့စိတ်အပြင် ‌နယ်မြေကျွမ်းကျင်မှုနဲ့ပဲတိုးနေကြတာပဲ ” လို့ဆိုပါတယ်။

မင်းတပ်ဟာ အခြားသောလက်နက်ကိုင်တွေနဲ့ ချိတ်ဆက်မှုမရှိပဲ ကိုယ့်အားကိုယ်ကိုးပြီး မင်းတပ်ကိုကာကွယ်နေရတာပါ။ အခုမင်းတပ်မှာ ခလရ (၂၇၄) နယ်မြေခံတပ်တစ်ရင်းတည်း မဟုတ်တော့ပါဘူး။

ပြည်သူ့ကာကွယ်ရေး(မင်းတပ်)လို အဖွဲ့သေးသေးလေးကိုရင်ဆိုင်ဖို့ စစ်တပ်ဟာသူ့တပ်ရင်းခြောက်ရင်းထိ တိုးချထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့စစ်တပ်က CDF ကိုတိုက်လို့မရသေးပါဘူး။ “ချင်းလူမျိုးတွေက အရင်လိုမဟုတ်တော့ဘူး။ ချင်းလူမျိုးတစ်ယောက်သေရင် စစ်ခွေးအယောက်တစ်ရာသေစေရမယ်” လို့ CDF ဘက်ကတုန့်ပြန်ထားပါတယ်။

အနယ်နယ်အရပ်ရပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ပဲ ကိုယ့်နယ်မြေထိန်းချုပ်မခံရရေးကြိုးပမ်းနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေး(မင်းတပ်)က ပြည်သူတွေကိုဒီသတင်းစကားလေးပေးလိုက်ပါတယ် “ဒီဒီမိုကရေစီက မင်းတပ်တစ်ခုတည်းအတွက် တိုက်နေတဲ့တိုက်ပွဲမဟုတ်ဘူး။ မင်းတပ်တစ်တပ်ကပဲ ဒါကိုလိုချင်တာမဟုတ်ဘူးလေ။ အကုန်လုံးကလူညီဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ်”