မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာရင် ဘယ်လိုပြင်ဆင်ထားသင့်တယ် ဘယ်လိုတွေကြုံလာနိုင်တယ် ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့

စစ်ဟူသည် ( ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဟာ ဂျပန်တပ်တွေနဲ့အတူ ထားဝယ်ဘက်ကနေ ထိုးဖောက်ဝင်လာနေတဲ့အချိန်မှာ ရန်ကုန်မှာ ဘာတွေဖြစ်ပျက်နေပါသလဲ။ စစ်ရိပ်သန်းနေပေမယ့် ရန်ကုန်ဟာ အပျော်အပါး မပျက်ခဲ့ပါဘူး။ တချို့ဆို အောင်ဆန်းဆိုတဲ့ ဒီအညာသားလေးက နေမဝင်အင်ပါယာကြီးကို ဘယ်လိုလုပ်နိုင်မလဲဆိုပြီး အေးဆေးလှောင်ပြောင်နေကြတာပါ။ )

အခုကာလမှာတော့ နိုင်ငံအနှံ့အပြားမှာ ဗုံးသံ၊ သေနတ်သံတွေနဲ့ ဝေဆာနေပါတယ်။ ပြည်သူတွေအနေနဲ့လဲ စစ်ဆိုတဲ့ စကားကို ကြားနေရပီဖြစ်ပြီး တချို့ကလဲ တက်ကြွ၊ တချို့ကလဲ ကြောက်လန့်၊ တချို့ကလဲ ရှောင်ပြေးဖို့နဲ့ အနာဂတ်တွေကို စဉ်းစားနေကြရပြီဖြစ်ပါတယ်။ အင်းစိန်တိုက်ပွဲနောက်ပိုင်း တခါတရံကလွဲလို့ ဗုံးသံ၊ သေနတ်သံတွေနဲ့ အလှမ်းဝေးခဲ့တဲ့ ရန်ကုန်မြို့ကြီးမှာတောင် နေ့စဉ်ရက်ဆက် ကြားသိမြင်နေရပါပြီ။

အခုဖြစ်နေတာက တိုက်ပွဲအဆင့်ဖြစ်ပြီး စစ်ပွဲမဟုတ်သေးပါဘူး။ တတိုင်းပြည်လုံး နေရာအနှံ့မှာ တိုက်ခိုက်ကြတဲ့ တိုက်ပွဲတွေ ဖြစ်လာရင်တော့ စစ်လို့ခေါ်ရမှာပါ။ ကမ္ဘာစစ်၊ ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ ပင်လယ်ကွေ့စစ်၊ နောက်ဆုံး ဆီးရီးယားစစ်တို့ဟာ စစ်ပွဲတွေဖြစ်ပါတယ်။ စစ်ဖြစ်လာခဲ့ရင် လူ သိန်းနဲ့ချီ သေကြရပြီး သန်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးကြရပါတယ်။ ဒုတိယကမ္ဘာစစ်မှာ မြန်မာနိုင်ငံလဲ ခံစားခဲ့ရပြီး နိုင်ငံသား ၁သိန်းကျော် သေဆုံးခဲ့တယ်လို့ သိရပြီး အဲဒီထက် ပိုနိုင်တယ်လို့လဲဆိုပါတယ်။ တကယ်တော့ စစ်ဆိုတာ ဘယ်နေရာမှ မကောင်းပါဘူး။

ဒါပေမယ့် ဖြစ်လာခဲ့ရင်တော့ ဘယ်လိုတွေကြုံတွေ့ခဲ့စားခဲ့ရဖူးသလဲဆိုတာကို သမိုင်းထဲက ထုတ်နှုတ်ပြီး သိသလောက် တင်ပြချင်ပါတယ်။ ရန်ကုန်ကို ဂျပန်ဗုံးကြဲခြင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိတ်ဟာ ဂျပန်တပ်တွေနဲ့အတူ ထားဝယ်ဘက်ကနေ ထိုးဖောက်ဝင်လာနေတဲ့အချိန်မှာ ရန်ကုန်မှာ ဘာတွေဖြစ်ပျက်နေပါသလဲ။ စစ်ရိပ်သန်းနေပေမယ့် ရန်ကုန်ဟာ အပျော်အပါး မပျက်ခဲ့ပါဘူး။ မင်တိုမင်ရှင်ဟိုတယ်မှာ စားသောက်နေကြသူတွေရှိသလို ဂလုပ်ရုံမှာ ဘိုင်စကုတ်ကြည့်သူတွေ ရှိနေဆဲပါ။ ပဲခူးကလပ်မှာလဲ ပါတီပေးနေကြသလို စုံတွဲတွေကလဲ ကန်တော်ကြီးစောင်းမှာ လေညင်းခံထွက်နေကြဆဲပါပဲ။ တချို့ဆို အောင်ဆန်းဆိုတဲ့ ဒီအညာသားလေးက နေမဝင်အင်ပါယာကြီးကို ဘယ်လိုလုပ်နိုင်မလဲဆိုပြီး အေးဆေးလှောင်ပြောင်နေကြတာပါ။ ယန္တရားတွေကလဲ ပုံမှန်လည်ပတ်ဆဲပါ။

မဂိုလမ်း(ရွှေဘုံသာလမ်း)က စိန်ဘာဘူတွေကလဲ စိန်တိုက်တွေ ဖွင့်နေဆဲဖြစ်ပီး မောင့်ဂိုမာရီလမ်း( ဗိုလ်ချုပ်လမ်း)ပေါ်မှာလဲ သွားလာနေကြ စားသောက်နေကြသူတွေ အများကြီးပါ။ ကမ်းနားလမ်းမှာလဲ ကုန်တင်ကုန်ချ အလုပ်သမားတွေနဲ့ စည်ကားနေတာပါပဲ။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်မှာ ရန်ကုန်က အရင်လိုပဲ စည်ကားနေတုန်းပါပဲ။ မနက် ၁၀ နာရီမထိုးခင်မှာတော့ မင်္ဂလာဒုံမှာရှိတဲ့ ဗြိတိသျှတပ်စခန်းမှာ အချက်ပေးသံတွေ ညံ့နေပါပီ။ နောက် မိနစ် ၂၀ အတွင်းမှာပဲ ဂျပန်တိုက်လေယာဉ်နဲ့ ဗုံးကြဲလေယာဉ်တွေဟာ မင်္ဂလာဒုံကို ရောက်လာပီး တိုက်ခိုက်ပါတယ်။ ဗြိတိသျှလေတပ်ကလဲ ပျံတက်ပြီး တိုက်ခိုက်ခဲ့ကြပါတယ်။ အပြန်မှာတော့ ဂျပန်တပ်တွေဟာ ရန်ကုန်မြို့ထဲ(Downtown Yangon) ကို ဗုံးကြဲခဲ့ပါတယ်။

ရုတ်တရက် အငိုက်မိနေတဲ့ ရန်ကုန်သူ ရန်ကုန်သားတွေဟာ စစ်ဆိုတာကို ပထမဆုံးကြုံတွေ့ခဲ့ရပီး လူပေါင်းများစွာ သေကြေပျက်စီးခဲ့ပါတယ်။ အိမ်တွေပျက်စီး၊ မှန်တွေကွဲ၊ လမ်းပေါ်မှာ အလောင်းတွေ ပျံ့ကြဲနေခဲ့ပါတယ်။ ပန်းဆိုးတန်း ( Phayre Street) နဲ့ မောင့်ဂိုမာရီလမ်း (ဗိုလ်ချုပ်လမ်း) တို့ဟာ အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ အဲဒီတနေ့ထဲမှာပဲ ဗုံးကြဲမှုကြောင့် လူပေါင်း ၁၀၀၀ ကနေ ၂၀၀၀ အထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

စွန့်ခွာခြင်း ဗုံးကြဲတိုက်ခိုက်မှုပီးတဲ့နောက်မှာတော့ ဗြိတိန်အစိုးရဟာ ရန်ကုန်ကို မတ်လ ၇ ရက်နေ့ နောက်ဆုံးထားပြီး စွန့်ခွာကြဖို့ အမိန့်ထုတ်ခဲ့သလို ဆီကန်တွေနဲ့ အဆောက်အဦးတွေကိုလဲ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ရန်ကုန်ကနေ အိန္ဒိယဘက်ကို စစ်ပြေးကြတဲ့ လူတန်းကြီးဟာ မျက်စိတဆုံးရှိခဲ့ပြီး ပြည် ပေါက်ခေါင်းလမ်းကနေ ရခိုင်ပြည်ကို ဖြတ်ပီး ယခု ဘင်္ဂလားဒေ့ရှ် ( ထိုစဉ်က အိန္ဒိယ) ဘက်ကို ပြေးခဲ့ကြပါတယ်။ လမ်းခရီးမှာ ဝမ်းရောဂါတွေ၊ ပင်ပန်းမှုဒဏ်တွေနဲ့ အစာရေစား ရှားပါးမှုတွေကြောင့် သေဆုံးကြသူတွေလဲ အများအပြားပါပဲ။

တချို့ကတော့ မန္တလေးကို ပြေးကြပါတယ်။ မန္တလေးကလဲ စစ်ဘေးလွတ်ရာ နေရာမဟုတ်ပါဘူး။ ချန်ကေရှိတ်ရဲ့ တရုတ်တပ်တွေက ဝင်ရောက်နေရာယူထားပီး နောက်ပိုင်းကျမှ ဂျပန်တပ်တွေ ဝင်ရောက်လာမှုနဲ့အတူ အထက်ပိုင်းကို ပြန်တက်သွားခဲ့ရတာဖြစ်ပါတယ်။ မြို့ကလဲ အပျက်အစီးတွေနဲ့ပါ။ ကြားက ပဲခူး တောင်ငူ ဒေသတွေမှာလဲ စစ်ကြောင့် အပျက်အစီးတွေ အများကြီးရှိခဲ့ပါတယ်။ ကားလမ်းတွေကလဲ ဗုံးဒဏ်ကြောက်ရသလို ရထားလမ်းလဲ လေယာဉ်ဒဏ်ကြောက်ရတာပါပဲ။ ရထားနဲ့ ပြေးကြသူတွေ အတော်များကြပါတယ်။

ရထားနဲ့ ပြေးတယ်ဆိုလို့ အခုလို လေလေး တဖြူးဖြူးနဲ့ စီးနင်းရတာ မဟုတ်ပါဘူး။ သံအလုံပိတ်တွဲဖြစ်ပီး အလယ်မှာပဲ လူအဆင်းအတက် ပါတဲ့ ရထားမျိုးကို စီးနင်းရတာပါ။ တွဲတွေထဲမှာ လူတွေက ပြွတ်သိပ်ညှပ်သပ်နေပြီး ထမင်းချက်စားတာကအစ ရထားတွဲမှာပဲ လုပ်ရပါတယ်။ လေယာဉ်သံကြားရင် ရထားရပ်ပြီး နီးစပ်ရာ လယ်ကွင်းထဲ ဆင်းပုန်းနေရပြီး အခြေအနေငြိမ်မှ ရထားပေါ်ပြန်တက် ဆက်လက်ထွက်ခွာရပါတယ်။

ရန်ကုန်နဲ့ မန္တလေးကို ရထားနဲ့ ခရီးသွားရင် အချိန် ၁ ပတ် အနည်းဆုံးကြာပီး တခါတလေ ၃ ပတ်လောက်ထိ ကြာမြင့်တယ်လို့ သိရပါတယ်။ သခင်နုနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ အဲဒီအချိန်မှာ မန်းလေးထောင်ထဲမှာပဲ ရှိကြပြီး အင်္ဂလိပ်တွေ မြို့ကို စွန့်သွားမှ ထောင်ထဲက လွတ်လာပါတယ်။ ဒါတောင်မှ ထောင်ပိုင်ကြီးရဲ့ ပစ္စည်းတွေကို မြို့အပြင်ကို ထမ်းပို့ကြရပါသေးတယ်။ ပြီးတော့မှ စစ်ကိုင်းဘက်ကို ပြေးပြီး စစ်ပြေးနေတဲ့ ဒီးဒုတ်ဦးဘချိုတို့နဲ့ တွေ့ပြီး နောက်ပိုင်းမှ ရန်ကုန်ကို ပြန်ဆင်းလာကြတာပါ။ အဲဒီအချိန်မှာ လူတိုင်းဟာ ကျီးလန့်စာစားနေကြရပြီး ရွာတွေကလဲ ကိုယ့်ဘာသာ ကာကွယ်ရပါတယ်။ တရုတ်တပ်တွေ လာလိုက်၊ အင်္ဂလိပ်တွေ ပြေးလိုက်၊ နောက် ဂျပန်လာလိုက်၊ ဗြိတိသျှတပ်တွေ ပြန်ဝင်လာလိုက်နဲ့ ရှုပ်ထွေးနေကြတာပါပဲ။

တချို့ကလဲ အင်္ဂလိပ်တပ်တွေနဲ့ အိန္ဒိယထဲ လိုက်ပါသွားသလို တချို့ကလဲ တရုတ်ပြည်ထဲ တရုတ်တပ်တွေနဲ့ ပါသွားကြပါတယ်။ ရန်ကုန်မှာပဲနေပြီး လည်သလိုရှင်သန်နေသူတွေလဲ ရှိပါတယ်။ အများစုကတော့ စစ်ရှောင်ကြပါတယ်။ ဂျပန်ခေတ်မှာ စစ်ဖြစ်နေတဲ့အတွက် အဝတ်အထည်က အစ အလွန်ရှားပါးလို့ ဂုံနီအိတ်ချုပ်ဝတ်ရတာမျိုးတွေထိ ကြုံရပါတယ်။ စစ်ပြေးသူတွေအနေနဲ့လဲ သောက်ရေမသန့်တဲ့အတွက် ဝမ်းရောဂါတွေ ဖြစ်ကြပါတယ်။

သခင်တွေကတော့ ပညာတတ်တွေများတော့ ရေထဲ ဆေးခတ်သန့်စင်ပြီးမှ သောက်ကြပါတယ်။ ရွာအများစုက ပျက်စီးနေပီး မီးလောင်နေတာတွေ တွေ့ရသလို သေကြေမှုတွေလဲ ရှိပါတယ်။ စစ်ဟူသည် စစ်ကာလဆိုတာကတော့ ဘယ်သူမှ အစိုးမရတဲ့ကာလပါ။ ကိုယ့်အသက်ကို ကာကွယ်ရတာဖြစ်ပြီး အချိန်နဲ့ အမျှ ပြေးလွှားရွှေ့လျားနေရတာပါပဲ။ ရန်ကုန်ကနေ မြစ်ကြီးနားထိ တောက်လျှောက်ပြေးနေကြရတာမျိုးလဲ ကြုံခဲ့ကြရသူတွေ ရှိပါတယ်။ ဒီနေ့မှာ ရထားနဲ့ ပြေးနေရပေမယ့် နောက်တနေ့မှာ ခြေလျင်လျှောက်နေရမယ်။ ဒီနေ့မှာ ထမင်းစားရပေမယ့် နောက်နေ့မှာ ငတ်နေချင် ငတ်နေမယ်။

ဒီနေ့မှာ ဒီနေရာမှာ ရှိနေပေမယ့် နောက်နေ့မှာ နောက်နေရာ ရောက်နေမယ်။ တောင်ကြောင်တွေ ဓားပြတွေရဲ့ရန်၊ ဆင်းရဲတဲ့ဒဏ်၊ ငတ်ပြတ်တဲ့ဒဏ်၊ ရောဂါဘယဒဏ်တွေကိုလဲ ကြုံတွေ့ခံစားရမှာပါ။ ကိုယ့်အသက်ကို ကိုယ်မပိုင်တဲ့ ကာလတွေဖြစ်ပြီး လည်သူ စားစတမ်းကာလမျိုးတွေပါ။ မြန်မာနိုင်ငံဟာ ဒီလိုစစ်ဘေးကြီးကို တပြည်လုံး ကြုံတွေ့ခဲ့တာ နှစ်ပေါင်း ၈၀ ခန့်ကြာခဲ့ပါပြီ။ နောက်ပိုင်းမှာ ပြည်မဘက်မှာက အေးချမ်းစွာ ရှိနေတာဖြစ်ပါတယ်။ စစ်ဖြစ်လာရင် အခံရဆုံးကတော့ ပြည်သူတွေပါပဲ။

ဘာပဲဖြစ်ဖြစ် မလွဲသာလို့ ကြုံလာခဲ့ပြီဆိုရင်တော့ ဘယ်လိုပြင်ဆင်ထားသင့်တယ်၊ ဘယ်လိုတွေကြုံလာနိုင်တယ်။ ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာနိုင်တယ်ဆိုတာကို ကြိုတင်သိရှိထားပြီး ရုပ်ပိုင်း၊ စိတ်ပိုင်း အနည်းငယ်ဖြစ်စေ ပြင်ဆင်ထားနိုင်ရင်တော့ ဒီစာကို ရေးရကျိုးနပ်ပါပြီ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။