မြန်မာပြည်အတွက်ဆုတောင်းပေးတဲ့ နာမည်ကျော် အဆိုတော် Rihhana

ကမ္ဘာမှာ တေးဓာတ်ပြား ရောင်းအားအကောင်းဆုံး အနုပညာရှင်တဦးဖြစ်တဲ့ အဆိုတော် Rihanna ဟာစစ်အာဏာသိမ်း မြန်မာနိုင်ငံက ပြည်သူတွေအတွက် အကောင်းဆုံးအခြေအနေဖြစ်ဖို့ ဆုတောင်းပေးပါတယ်လို့ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ ရေးသွားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်နှောင်းပိုင်းက ရွေးကောက်ပွဲကျင်းပပြီးလွှတ်တော်ပြန်စတင်ရမယ့် မနက်မှာပဲ စစ်တပ်က နိုင်ငံခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ ဥပဒေပြုအမတ်တွေကို ဖမ်းဆီးပြီး နိုင်ငံမှာ အာဏာသိမ်းလိုက်တာကြောင့် နိုင်ငံတကာကလည်း ကျယ်ကျယ်လောင်လောင် ဝေဖန်ကန့်ကွက်နေတာဖြစ်ပါတယ်။

အခု Rihhana ကတော့ ကျွန်မ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးပါတယ်လို့အာဏာသိမ်းမှုဖြစ်အပြီး နောက်တရက် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာပဲ Twitter လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေး HRW အဖွဲ့ရဲ့ မြန်မာနိုင်ငံအခြေအနေ နိုင်ငံတကာရဲ့ အရေးပေါ်တုံ့ပြန်မှုလိုအပ်ဆိုတဲ့ စာကို Rihanna က ပြန်ဝေမျှထားတာပါ။

ဘာဘေးဒိုးကျွန်းသူ အမေရိကန်နဲ့ ကမ္ဘာ့ဂီတလောကမှာလည်း အောင်မြင်မှုတွေ ကြီးကြီးမားမားရထားတဲ့. Rihanna ဟာ ကမ္ဘာ့နိုင်ငံရေးနဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေမှာမကြာခဏဝင်ပြောဆိုတတ်ပြီး ဒီမြန်မာပြည်အကြောင်းရေးထားတဲ့ စာ မတင်ခင်ကပဲ အိန္ဒိယနိုင်ငံမှာဖြစ်ပွားနေတဲ့လယ်သမားတွေ ဆန္ဒပြမှုနဲ့ ပတ်သတ်ပြီးလည်း ဒီအကြောင်းအရာကို အများက အရေးတယူ ဆွေးနွေးဖို့ လိုကြောင်း ရေးခဲ့သေးပါတယ်။