မြန်မာနိုင်ငံ၏ ပထမဦးဆုံး ကိုဗစ် ကပ်ရောဂါ ကုသဆေးဝါးထုတ်လုပ် အောင်မြင်

Pacific Medical Industries Ltd (PMI) သည် ပြည်ပမှတင်သွင်းလာသော ကုန်ကြမ်းများကို အသုံးပြု၍ PMI စက်ရုံ၏ R & D Center တွင် ဂျပန်နိုင်ငံထုတ် အဗီဂျန် (Avigan) ဆေး၏ generic medicine (အလားတူဆေး) အဖြစ် FAVIPAC (Favipiravir 200mg) ဆေးကို တီတွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း AA Medical Products Ltd (Pacific-AA Group) ၏ ဒုတိယမန်နေးဂျင်းဒါရိုက်တာ ဒေါက်တာစောနေနွယ်က လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

FAVIPAC (Favipiravir 200mg) ဆေးကို PMI စက်ရုံတွင် ထုတ်လုပ်မူသည် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကုသဆေးထုတ်လုပ် အောင်မြင်မှု ဖြစ်သည်။FAVIPAC (Favipiravir 200mg) ဆေး၏ အလားတူဆေးဖြစ်သည့် Avigan ဆေးကို ဂျပန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ တရုတ် (တိုင်ပေ)၊ ဥရောပနိုင်ငံများနှင့် တောင်အမေရိကနိုင်ငံများ အပါအဝင် နိုင်ငံအများအပြားတွင် သုံးစွဲနေကြသည်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) ဆေးပြားကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ အောက်တိုဘာလဆန်းတွင် မှတ်ပုံတင်စာရင်းသွင်းပြီး ဆေးဝါးမှတ်ပုံတင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ၏ခွင့်ပြုချက်ရရှိခဲ့သည်။ကိုဗစ်-၁၉ ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစ၍ FAVIPAC (Favipiravir 200mg) သောက်ဆေးကို သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်သို့ ရောက်ရှိခြင်းမှ လျှော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများစွာရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဒေါက်တာစောနေနွယ်က ရေးသားထားသည်။

Remdesivir မှာ ထိုးဆေးဖြစ်ပြီး ဆေးရုံတွင် ၅-၁၀ရက်ခန့်ထိုးရသော အကြောဆေးဖြစ်ကြောင်း၊ PMI၏ Favipac(Favipiravir) ဆေးထက် အဆများစွာ ဈေးကြီးကြောင်း၊ သောက်ဆေးနှင့်ယှဉ်ပါက ဘေးထွက်ဆိုးကျိုး ပိုများနိုင်ကြောင်း ဒေါက်တာစောနေနွယ်က ရေးသားထားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကုသဆေးများ လိုအပ်လျက်ရှိရာ မြန်မာနိုင်ငံရှိ ကိုဗစ်လူနာများ ကုသရန်အတွက် ကျပ် (၅၈၅)သိန်းတန်ဖိုးရှိ FAVIPAC (Favipiravir 200mg) ဆေးပြား ၆၀၀၀၀ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံမှတဆင့် တစ်နိုင်ငံလုံးရှိ Covid-19 ကုသဆေးရုံ (၂၅)ရုံသို့လည်းကောင်း၊ ဆေးအလုံးရေ ၁၅၀၀၀ကို တပ်မတော်၏ Covid19 ကုသရေးဆေးရုံများသို့လည်းကောင်း ပေးအပ်လှူဒါန်းသွားမည်ဟု ဒေါက်တာစောနေနွယ်က လူမှုကွန်ရက်တွင် ရေးသားထားသည်။

AA Medical Product