မိုးဟိန်းဟောပြောမှုကို တပ်တွင်းမကြည့်မနေရကြည့်ရန်ညွှန်ကြားထား

မြဝတီမှအပတ်စဉ်ထုတ်လွှင့်သော မိုးဟိန်း၏ ” မြန်မာနိုင်ငံအရေးအလေးအနက်တွေသူတစ်ဦးရဲ့စကားသံများ” ဆိုသည့် ခေါင်းစဉ်ဖြင့် နွေဥဦးတော်လှန်ရေးကိုဆန့်ကျင်သော ဟောပြောပို့ချမှုများကို စစ်ကောင်စီလက်အောက်ခံတပ်များအတွင်း တပ်မိသားစုများကိုမကြည့်မနေရကြည့်ခိုင်းကြောင်း တပ်တွင်းသတင်းရပ်ကွက်များ၏အပြောအရသိရသည်။

သူရိယနေဝင်းဂျာနယ်တည်ထောင်သူနှင့် စာရေးသူမိုးဟိန်း၏ အာဏာသိမ်းစစ်အစိုးရထောက်ခံပြောဆိုချက်များကို စစ်အစိုးရဝါဒဖြန့်ယန္တရားများဖြစ်သော မြဝတီနှင့်မြန်မာ့ရုပ်မြင်သံကြားတို့တွင် နေ့တိုင်းနီးပါးထုတ်လွှင့်လာပြီး သူ့အစီအစဉ်လာသည်နှင့် စစ်တပ်ထိပ်ပိုင်းအဆင့်မှအောက်ခြေတပ်သား၊ မိသားစုဝင်များပါမကျန်ကြည့်ရသည်။

” အထက်ကညွှန်ကြားချက်ရှိတယ်။ သူ့အစီအစဉ်တွေလာရင် တာဝန်ကျသူကလွဲလို့အားလုံးကြည့်ရတယ်” ဟု စစ်တပ်မိသားစုဝင်တစ်ဦးကမဇ္ဈိမကိုပြောသည်။” မိုးဟိန်းကလက်ရှိအခြေအနေရော၊ အရင်ပုဂံခေတ်ကစလို့ လက်ရှိခေတ်ထိသမိုင်းရော၊ သူတို့ကျောင်းသားသမိုင်းရောအကုန်လိမ်ညာပြီး ဟောနေတာပဲ” ဟုသူကဆက်ပြောသည်။

စစ်သင်တန်းကျောင်းများတွင်နေ့စဉ်လိုလို သင်တန်းခန်းမတွင်မကြည့်မနေရကြည့်ရပြီး တပ်ရင်းများတွင်တော့တပ်ရင်းမှူးများ၏ အစီအစဉ်ဖြင့် စားရိပ်သာလို့တွင်ကြည့်ခိုင်းကြောင်းသိရသည်။သို့သော်ယခုကဲ့သို့ကြည့်ခိုင်းခြင်းများသည် ယခုမှမဟုတ်ဘဲအရင်ကတည်းက စစ်သင်တန်းကျောင်းများနှင့် တပ်တွင်းတွေမှာ မြဝတီက ည ၈ နာရီသတင်းအစီအစဉ်တွေနှင့်စစ်ခေါင်းဆောင်များ၏ မိန့်ခွန်းဟောပြောချက်များကိုကြည့်ကြပြီး ပြန်ဆွေးနွေးမှုများလုပ်ရသည်။ မိုးဟိန်းသည်သူ့ကိုယ်ကျိုးအတွက်ကိုပဲ ကြည့်ကာ အမျိုးမျိုးဘက်ပြောင်းပြီးပြောဆိုခဲ့သူဖြစ်သော်လည်း သူ၏ဟောပြောချက်များတပ်တွင်းလွှမ်းမိုးမှုရှိသည်ဟု အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေသည့် ဗိုလ်ကြီးညီသုတကပြောသည်။

“ ကျွန်တော်ပြန်ကြားသလောက်ကတော့ သဘောကျတဲ့သူတွေလည်းရှိတယ်။ လွှမ်းမိုးမှုကတော့ရှိတယ်။ တပ်မတော်ကြီးကမကောင်းဘူးဆိုတာကိုသိပေမယ့် တစ်ဖက်ကလည်းမကောင်းဘူးဆိုတာကို သူတို့(စစ်အုပ်စု)ကိုယ်စားပြောပေးမယ့်သူလိုတာပေါ့။သူတို့လူနဲ့သူတို့တော့ဟုတ်နေတာပဲ။ စစ်ကောင်စီအနေနဲ့က သူ့ရဲ့ လက်အောက်ခံတပ်သားတွေကို ပြန်စည်းရုံရာမှာသူတို့ကိုယ်တိုင် ပြောတာထက် အပြင်လူပြောတာကပိုထိရောက်တာထင်တာပေါ့။သူများပြောတာကတပ်သားတွေကို ယုံကြည်မှုပိုတိုးစေတယ်။အချက်အလက်တွေနဲ့အယူအဆတွေကို ပိုပြီးထိရောက်စေတာပေါ့ဗျာ။ ကိုယ့်တရားကိုသူများကပြောပေးတယ်ဆိုတဲ့သဘောပေါ့။ ကိုမိုးဟိန်းတို့ကိုအသုံးချတယ် ပေါ့ဗျာ” ဟု ဗိုလ်ကြီးညီသုတကဆိုသည်။

“ မြဝတီတို့မြန်မာ့အသံတို့ပဲကြည့်မနေနဲ့ပေါ့နော်၊ ပြည်သူတွေရဲ့ ရင်ဘက်ထဲက ထွက်လာတဲ့အသံစစ်စစ်တွေကိုနားထောင်ပါ၊ပြည်သူတွေနဲ့ထိတွေ့နိုင်ဖို့ကြိုးစားပါ။ ပြည်သူတွေဘာတွေခံစားနေရလဲ ၊ ဘာတွေဒုက္ခရောက်နေလဲ၊ ဒါတွေကိုသိအောင်လုပ်ဖို့က တပ်မတော်သားတွေရဲ့တာဝန်ပဲ။ တပ်မတော်သားတွေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုပဲဆိုတာ ပြောချင်တယ်” ဟု သူကဆက်ပြောသည်။ စစ်တက္ကသိုလ်တက်ရင်းကျောင်းထွက်ခဲ့ရသည့် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်သူမိုးဟိန်းမှာ စစ်အာဏာသိမ်းမှုကို ပွင့်ပွင့်လင်းလင်းထောက်ခံထားသူဖြစ်သည်။