မကြာခင် မင်းပြောင်းမင်းလွှဲဖြစ်တော့မယ် ခေါင်းဆောင်သစ်မြင်ရတော့မည်(ငလျင်လှုပ်လျှင်မင်းပြောင်းရ၏)

ငလျင်လှုပ်ခြင်းအကြောင်း နိမိတ်ကောက်ကြည့်ရအောင်နိမိတ်ဟူသည်
နိမိတ္တံ ကာရဏံ ဌာနံ ပဒံ ဗီဇံ နိဗန္ဓနံ
(အဘိဓာန်ဂါထာ ၉၃) အလို အကြောင်းဟုဆို၏မြေငလျင်လှုပ်ခြင်းအကြောင်းရှစ်ပါးကို ပြဆိုပြီးဖြစ်ပါသည်။ ထိုအကြောင်းတို့မှအမှတ်တစ်နှစ်တို့သည်သာလျှင် ယခုငလျင် လှုပ်ကြောင်းဖြစ်နိုင်ချေရှိပါသည်။

ထိုအထဲမှရေမြေသဘာဝသယံဇာတ ရာသီဥတုတို့ကြောင့်သိပ္ပံ နည်းပညာတို့အလိုယူဆသော် ငလျင်လှုပ်ခြင်းသည် ကာရဏ အကြောင်း (အတ္တနော ဖလံ ကရောတီတိ ကာရဏံ)ဖြစ်ပြီး နိမိတ္တအကြောင်းမဟုတ်နိုင်သေးပါ နိမိတ္တအကြောင်းဟုယူဆသော် အတ္တနောဖလံနိမိနာတီတိ နိမိတ္တံနိမီယတိ အနုမီယတိ ဖလံ ဧတေနာတိ နိမိတ္တံနိမီယတိ သညာယတီတိ နိမိတ္တံ စသော (တိပိဋကပါဠိအဘိဓာန်လာ) စာတို့အရ
အကျိုးအပြစ်နိမိတ်တို့၏ ဖြစ်ပေါ်ခြင်းအကြောင်းကိုနိမိတ်ဟု ဆိုထားသောကြောင့် ငလျင်လှုပ်ခြင်းကိုနိမိတ်ဖတ်၍ အကြောင်း ရှာသင့်လှပေသည်။

နိမိတ်ဖတ်ခြင်းသည် ယခုမှတွင်ကျယ်လာသည်မဟုတ်
ဘုရားလောင်းဗျာဒိတ်ခံယူစဉ်အခါက ဘုရားလောင်းပေါ်မည့်နိမိတ် ၃၂ ပါးပေါ်ပေါက်ခဲ့ဘူးပါသည် (အကျယ်မဟာဗုဒ္ဓဝင်၌ရှု့) ပါရမီတော်ခဏ်းပျို့၌ ရှေးတွင်သောခါဘုရားလျာတို့ ပတ္ထနာဆုံးထက်ဝယ်ကြုံးလျက် နှလုံးသာယှဉ်နေသော်စဉ်၌ တမျဉ်နိမိတ်ထင်မြဲဟိတ်သို့ ဗျာဒိတ်ရခါ တို့မြတ်စွာ၏ စသည်ဖြင့်စပ်ဆိုခဲ့သည်။ ဤဘဒ္ဒကမ္ဘာ၌ဘုရားပွင့်မည့် အရေအတွက်နိမိတ်ကိုကြာငါးခိုင်နိမိတ်ကို ကောက်ယူလျှက် ငါးဆူရွှေကြာနိမိတ်လာ၍ ငါးဖြာမွှာလျှက်တစ်ပင်ထက်ဝယ် ငါးဆက်ဖူးငုံ ပေါ်လတ်တုံက ငါးစုံသင်္ကန်း ကြိုင်ပျံ့မွှမ်းကိုငါးခန်းဘုံနေ ယူတုံလေ၍

ငါးထွေအောင်မြင် ရွှေပလ္လင်ထက်
ငါးအင်ခက်ကြိုင်း နောက်မှီခိုင်းလျက်
ငါးဆိုင်းမာန်မြောက် ဗောဓိအောက်ဝယ်
ငါးယောက်ထင်ရှား စောဘုရားတို့
ငါးပါးအညီ ဖြစ်တန်သည်ဟု ငါးမည်မိုးနတ်နိမိတ်ဖတ်သည် မချွတ်ကမ္ဘာ ပွင့်ရာသော်။ဟု နိမိတ်ယူကြခြင်းဖြင့်လည်းကောင်း

နတ်တို့စုတေခါနီး အခါ၌လည်း

၁။ ပန်ဆင်နေကျပန်းညှိုးနွမ်းခြင်း

၂။ ဝတ်နေကျအဝတ် ညစ်နွမ်းခြင်း

၃။ ချိုင်းကြားမှချွေးထွက်ခြင်း

၄။ ကိုယ်ရောင်ဝါတို့ မှေးမှိန်ခြင်း

၅။ နတ်ပြည်မှာမပျော်ခြင်းဟူသောနိမိတ်ငါးပါးထင်ကြောင်း (ဇာ၊ဋ္ဌ။၅ ။၂၉၇)(ဒီ၊ဋ္ဌ။၂။၂၀)မှတ်သားရနိုင်ပါသည်။

တဖန် အများသိသော ပရိတ်ကြီးပါဠိတော် ၌ နိမိတ်မကောင်းသည်ကို ဒု-သဒ္ဒါနှင့်တွဲစပ်၍ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ ယောစာမနာပေါသကုဏဿ သဒ္ဒေါ စသည်ဖြင့် ငှက်ဆိုးထိုးသံတို့ကို နိမိတ်မကောင်းဟုယူဆကြသည့် အကြောင်းမှတ်သားနိုင်ပါသည်။

ကောသလ္လမင်း၏ အိပ်မက် ၁၆ ချက်ကိုလည်းဘုရားရှင်က နိမိတ်ကောက်ပြခဲ့ဘူးပါသည်။{အကျယ်လိုသော် (ဇာ၊ဋ္ဌ။၁။၃၅၅)မဟာသုပိနဇာတ်၌ရှု့}ဒိဋ္ဌနိမိတ် သုတနိမိတ် မုတနိမိတ် သုံးမျိုးတို့တွင်ယခုငလျင် လှုပ်ခြင်းသည် ဒိဋ္ဌ နိမိတ် သုတနိမိတ် ဖြစ်ပါသည်

ထိုနိမိတ်ကောက်ခြင်းသည် ဘကြီးတော်ဘုရားလက်ထက် အမတ်ကြီးဦးပေါ်ဦးကို ပညာစမ်းရာ ပုလဲသုံးလုံးကို အုပ်ထားပြီး မေးရာ အမတ်ကြီးက နိမိတ်ရှာပြီး နိမိတ်ကောက်သော်အနီးအပါး အိမ်မြှောင် ချင်းကိုက်ထားသည်မှ လွတ်သွားသောကြောင့် ပါဠိလို မုတ္တ မြန်မာလို လွတ်ခြင်း ပုလဲ ကျင်ငယ် စသောအနက်တို့ဟောနိုင်သော်လည်းဤနေရာနှင့်အသင့်တော်ဆုံးမှာ ပုလဲ ဖြစ်သောကြောင့်ပုလဲ ဟုဖြေလိုက်၏ထို့နောက်ဆက်ပြီးမေးသည်မှာ ဘယ်နှလုံးလည်းဟုမေးရာ အိမ်မြှောင်သုံးခါတွန်သောကြောင့် သုံးလုံးဟု နိမိတ်ကောက်ပြီး ဖြေဆိုရာ
မှန်သည်ဟု မှတ်သားရပါသည်။

ယခု အနီးအပါး၌လည်း ချဲထိုး ထီထိုးသည်ကို နိမိတ်ကောက်ပြီး ဂဏန်းယူနေကြသည်ကို ကြည့်၍ နိမိတ်သည် ဧကန်ယူရသောအရာထဲပါသကဲ့သို့အကျိုး အပြစ်တို့သည်လည်း ဧကန်ရရှိနိုင်ကြောင်း ထင်ရှားလှပါတော့သည်။ယခု ဝေဒဗ္ဗကျမ်း လောကီကျမ်းတို့အဆိုကိုလည်း အမျိုးမျိုး တွေ့ရနိုင်ရာ ဝါခေါင်လမှာ မြေလှုပ်သော် ဆင်းရဲဝေဒနာရောက်မည်ဟု လည်းကောင်းလ အလိုက် ငလျင်လှုပ်ဟော လငလျင်လှုပ် ၊ အဟောထုတ်၊ ကြိုးကုတ်မှတ်နာယူ။ တန်ခူး ရန်ကုန်၊ လ ကဆုန်၊ ဖျင်းသုဉ်သစ်သီးမှာ။

ကိုယ်ဝန် ပျက်တုန်၊ နယုန် မှတ်ကြ။
ဝါဆိုလ ၊ ကင်းပ မင်းခန္ဓာ ။ဝါခေါင် လှုပ်ငြား ၊ ပြည်သူများ၊ ပူပွားဒုက္ခသာ ။တော်သလင်းကား ၊ ပုဏ္ဏား ရဟန်း ၊ ညှိုးနွမ်း ဒုက္ခ၊ဝါကျွတ်လ၊ မောင်းမ လားနတ်ရွာ ။ တန်ဆောင်မုန်းလှုပ်၊ ပြည်ချုပ်မူးမတ် ၊ ဖြစ်တတ်သောက၊ နတ်တော်လ၊ကြီးလှဘေးဒဏ်မှာ။လှုပ်ရေး ပြာသိုလ်၊ ပျက်ပြို ပြည်ထဲ ။တပိုတွဲ ပြိုကွဲ ကဝိန္ဒာ ။ တပေါင်းလှုပ်မူ ၊ မြို့ရွာဆူ ညှိုးပူ ပျက်တတ်စွာ။ ။(သုတသန္နိစယကျမ်း)လောကကြီးအတွင်း လောကီလူသားတို့ ရှိနေသောကြောင့် လောကီကျမ်းတို့သည်လည်း လောကကြီးအတွက် အထိုက်အလျောက် မှန်ကန်နေမည် အကျုံးဝင်နေမည်သာဖြစ်ပါသည်။ ။

မျက်မြင်နိမိတ် တိတ်မှာလက်ဆောင် အသံမှာတပေါင်ဆိုရိုးအရ မျက်မြင်ဖြစ်သောကြောင့် နိမိတ် ဟုလည်းကောင်း လက်တွေ့မမြင်သူများအတွက်အကြားဖြစ်သောကြောင့် တပေါင်ဟု ဆိုက လွန်မည်မထင်မိပါ။အသံကြားရာကို တပေါင်ဟူရာ၌(အသက်လေးရယ်ရှည်စေလို မန်းတောင်ရိပ်ကိုခို) ဟုလည်းကောင်း(မိုးကုန်မှ တီတွန် လူလွန်မှသား မုန့်ဆီကြော်အလယ်အက် ပြည်ဖျက်မည့်သား)ဟုလည်းကောင်းအသံနိမိတ် တပေါင်ပေါ်ကြောင်း သိမှတ်ကြပြီးဖြစ်ပါလိမ့်မည်။

ယခု ငလျင်လှုပ်သောကြောင့်ပုဂံဘုရားများ ပြို ပျက်ခြင်းကို မိမိအနေနှင့် နိမိတ်ကောက်ရသော် ဘုရားများစွာပျက်ဆီး ဆုံးရှုံးရသော်လည်း ဦးစွာ သတင်းတွင်မြင်တွေ့ရသည့် ထီးလို မင်းလိုဘုရား ငလျင်ခခြင်းကို ကောက်ရပေလိမ့်မည်။ထီးလိုမင်းလိုဘုရားကိုအစက ထီးလည်းမရှိ လိုနေသည် မင်းလည်းမရှိ လိုနေသည်ဟု ထင်မှတ်ထားခဲ့ပါသည်

တက္ကသိုလ်စိန်တင် စိမ့်(ပညာရေး) တို့ရေးသော ပုဂံဘုရားသမိုင်း ပုဂံရွှေရုပ်လွှာ စသည်တို့ကို လေ့လာရမှ ရှင်ဘုရင် အလောင်းအလျာကိုဘုရင်မင်းမြတ်ကလည်း အလိုရှိ ထီးဖြူစိုက်၍ရွေးရာ ထီးဖြူကလည်း အလိုရှိကြောင်း ထိုမင်းသားကို အကြောင်းပြုတည်ထားသောဘုရားကို ထီးလို မင်းလိုဘုရားဟု အမည်တွင်ကြောင်းသိရပါတော့သည်။