ပရလောကတတကယ်ရှိြကောင်း လက်ခံခဲ့ရတဲ့ ခြောက်ခြားဖွယ် ညတစ်ည

ခေတ်ပျက်ကြီး တစ်ခု ၊သွေးသောက်သော ခုနှစ် ၁၉၈၈ ။သေလိုက်တဲ့ လူတွေ ၊ နေရာတိုင်းမှာ ဆာလောင်နေတဲ့ ဝိညဉ်တွေနဲ့ ပြည့်နှက်နေတဲ့အချိန် အခါ ။ကျွန်မတို့နေထိုင်ရာ တောင်ဥက္ကလာပမြို့နယ် ( …. ) ရပ်ကွက် မှာ တပ်မတော်သားတွေနဲ့အရပ်သားအချို့ ပရိပက္ခ ဖြစ်ပွားနေချိန် ၊ ကြားနေပြည်သူတွေ သောကအရောက်ရဆုံးကာလတစ်ခု ။

ကျောင်းတွေ ၊ရုံးတွေ ၊ အလုပ်တွေ အကုန်ပိတ်ထားကြသည် ။ လူတိုင်းကိုယ်စီ အိမ်ထဲမှာပဲ ငြိမ်သက်စွာနေကြရသည် ။ ရပ်ကွက်တိုင်း ဝါးကပ်တွေနဲ့ ခြံစည်းရိုးကာထားကြသည် ။ လူငယ် လူရွယ်များ ကိုယ့်ရပ်ကွက်ကိုယ် တုတ် ၊ ဓား ၊ လက်နက်ကိုယ်စီ ဖြင့်အလှည့်ကျကင်းစောင့်ကြရသည် ။

ဆူပူမှုတွေက အဆက်မပြတ်ကိုဖြစ်ပေါ်နေပါတယ် ၊ ကြားရတဲ့သတင်းတွေကဟော့ ဟိုနေရာမှာ အပစ်ခံရလို့ ဘယ်ကျောင်းက အသက်ဘယ်လောက် ကျောင်းသူလေးသေသွားပြီ ။ ဘယ်ရဲစခန်းက ဘယ်သူတွေကတော့ ခေါင်းဖြတ်ခံရပြန်ပြီ ၊ဘယ်သူတွေကဖြင့် အရှင်လက်လက် မီးရှို့ခံနေပြီ ။စသဖြင့် အန္နိဌာရုံ သတင်းတွေချည်းသာ ဆက်တိုက်ကြားနေရသည် ။

တောမီးလောင်တောကြောင်လက်ခမောင်းခတ် ဆိုသလို လူဆိုးလူပေတွေ ၊ အခွင့်အရေးသမားတွေက အဖွဲ့လိုက် အိမ်ပေါ်တက် လူသတ် လုယက်မှုတွေက ဆက်တိုက်ဆိုသလိုဖြစ်နေသဖြင့် ရပ်ကွက်ကင်းသမားတွေက သူစိမ်းဆိုပါကရပ်ကွက်အတွင်း လုံးဝပေးမဝင် ။ နေ့စဉ်လိုလိုပင် နံနက်ခင်း ကိုခေါင်းပျက်ကြီးများကို ဝါးလုံးဖြင့်ထိုးကာ ရပ်ကွက်အတွင်း လှည့်လည်ပြသခြင်းများ ၊ စစ်တပ်က ပစ်သတ်လိုက်သဖြင့် သေသူများအလောင်းကို ဝါးကပ်ဖြင့်တင်ကာ လှည့်လည်ပြသခြင်း ၊စသော သွေးပျက်ဖွယ် မြင်ကွင်းများ ဖြင့်စတင်နေချိန် ဖြစ်သည် ။

တစ်နေ့မှာ တပ်မတော် ကတပ်စုတစ်စုက တပ်သားတွေ နယ်မြေထိန်းသိမ်းဖို့ချီတက်လာချိန် တစ်ဖက်ကလည်း တပ်မတော်နှင့် စိတ်သဘောထားမတိုက်ဆိုင်သော လူတစ်စုထိပ်တိုက်တွေ့နေချိန်တပ်မတော်က ထိုလူအုပ်ကို ရှေ့မတိုးဖို့ပြောပြီး သေနတ်များဖြင့်ချိန်ရွယ်ထားတုန်းမှာကျွန်မတို့နေထိုင်ရာ ( …. )စျေး မှ ငါး ရောင်းသူတစ်ယောက်က အက်ရှင်ကားတွေထဲက Rambo လိုမျိုး ဓါးမြှောင်ကို ပါးစပ်ဖြင့်ကိုက် သံစည်ပိုင်းဖြင့်ကိုယ်လုံးကိုကာကွယ် စည်ပိုင်းကို တွန်းပြီး ရှေ့က စစ်သားတွေကို ခေါင်းထောင်ပြီး ကြည့်လိုက် စည်ပိုင်းကိုတွန်းလိုက်ရှေ့ဆက်သွားလိုက် ကြည့်လိုက်နဲ့ လုပ်နေတုန်း စစ်တပ်က “ သူ့ကို မပစ်ချင်လို့ ” Warning နှစ်ခါပေးတယ်ဆရာသမားက မရဘူး သူ့ကို မပစ်ရဲဘူးထင်ပြီး ဆက်တက်တယ် ဟိုဘက်ကလည်း နောကဆုံး Warningပေးပြီး စောင့်ကြည့်နေတာပေါ့ ။

အဲ့အချိန်မှာ ဆရာသမားက စည်ပိုင်းကိုတွန်းပြီးဆက်တက်တာပေါ့ ပြီးတော့စည်ပိုင်းအပေါ်ကနေ စစ်သားတွေဘက်ကို ချောင်းပြီးအကြည့် “ ဖုန်း ” ဆိုပြီးလှမ်းပစ်လိုကတာနှဖူးတည့်တည့်ပဲ နောက်စိပါပွင့်ထွက်သွားတယ် လမ်းပေါ်မှာ သွေးတွေ ဦးနှောက်တွေဆိုတာ မြင်မကောင်းရှုမကောင်းဘူး ။

ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။ခဏအကြာ စစ်သားတွေပြန်သွားတော့ လူတစ်စုရောက်လာတယ်ဘယ်သူကမြှောက်ပေးလိုက်လဲမသိဘူး အဲ့ဒီအလောင်းကြီးကိုစင်ကြီးနဲ့တင်ပြီး လမ်းတွေမှာ လှည့်ပတ်ပြီးပြနေတာ အဆိုးဝါးဆုံးမြင်ကွင်းပဲ ။

ပြီးတော့ တောင်ဥက္ကလာ နှင့် မြောက်ဒဂုံ ကြားက နေရာ ( ယခု ဘေလီတံတား )( အဲ့ဒီအချိန်တုန်းက ဘေလီတံတားမရှိပါ ချောင်းစပ်ကြီးပေါ့ )မှာ စင်ကြီးနဲ့ အဲ့ဒီအလောင်းကြီးကို ဒီတိုင်းပစ်ထားကြတယ် ၊ သဂြိုလ်မယ့်သူတစ်ယောက်မှမရှိဘူး ၊အလောင်းကြီးက ဒီအတိုင်းကြီး ။ ( သေသူကို စော်ကားလိုစိတ်လုံးဝမရှိပါ စာအဖြစ်သာမြင်ပေးပါရန် ။ )ခုနက လူအုပ်ကြီးလည်းပြေးလိုက်တာဆိုတာ တစ်ယောက်မှကိုရှာမရတော့ဘူး ။ကျွန်မတို့အိမ်ရှေ့မှာဖြစ်သွားတာဆိုတော့ အဲ့မြင်ကွင်းကို အခုထိမမေ့သေးဘူး ။ဒါကြောင့်လည်း သေချာပြန်ပြောနိုင်တာပေါ့ ။

ဒီလိုအကြောင်းအရာတွေဖြစ်ပြီး နှစ်ရက်လောက်ကြာတော့ မှတ်မှတ်ရရညဘက်ကြီး ။ကျွန်မတို့အိမ်မှာ မိုးကုတ်ကလာပြီးငှားနေကြတဲ့ မိသားစုက အမေဖြစ်သူ အဒေါ်ကြီးကကျွန်မတို့လမ်းထိပ်ကဆိုင်က “ ခေါက်မုန့် ” တွေဝယ်လာပြီး ကျွန်မကို လာကျွေးတယ်အဲ့တုန်းက အိမ်မှာ အမေရယ် ကျွန်မရယ်ညီမလေးရယ်ပဲရှိတာ အဖေနဲ့ မောင်လေးက လမ်းထိပ်မှာ ကင်းစောင့်ပေးနေရတယ် ။

အချိန်က အပုပ်ချိန် ည ၁၁ နာရီကျော်လောက် ။ကျွန်မလည်း အဒေါ်ကြီးလာပေးတဲ့ မုန့်ကိုစားရင်း အိမ်ငှားမိသားစုကကျွန်မနဲ့ အသက်တူတဲ့ အမနဲ့ စကားထိုင်ပြောနေတာပေါ့ စကားပြောပြီး သူလည်းပြန်သွားတယ်အဲ့ဒီအချိန်မှာ ခွေးတွေကလည်း အူလိုက်တာ ၊ ခွေးတွေက ညတိုင်းလိုလိုအူနေတက်တော့ကျွန်မတို့အတွက် အထူးအဆန်းမဟုတ်တော့ဘူးလေ ၊ ကျွန်မလဲသိပ်အရေးမစိုက်မိဘူး ။

အချိန်ကိုကြည့်တော့ ၁၂ နာရီဝန်းကျင်ဖြစ်နေပြီ ကျန်တာကို ညီမလေးကို ကျွေးမယ်ဆိုပြီးတော့အိမ်ပေါ်ထပ်က သူ့အခန်းဆီသွားကျွေးတာပေါ့ ။သူက “ အမ သမီးမစားတော့ဘူး အိပ်တော့မယ် ” လို့ပြောတော့ ကျွန်မလည်းအဲ့ဒီမုန့်ကို စားလိုတာပေါ့ ။ ပြီးတော့ အိပ်မယ်ဆိုပြီး ကုတင်ပေါ်လှဲလိုက်တယ် ။( အဲ့ဒီနေ့ညက ကျွန်မ ဘုရားကန်တော့အိပ်ဖို့ မေ့ခဲ့တယ် ။ )

စပြီးအိပ်တာနဲ့ အချိန်ကိုက်ထားသလို ပုတ်စော်ကြီးကထောင်းကနည်းနံလာတယ် ။ ကျွန်မအိပ်တာက နှစ်ယောက်အိပ်ကုတင် တစ်ယောက်တည်းအိပ်တာဆိုတော့
တစ်ဖက်က လွတ်နေတာပေါ့ ။ ညှီစော်ကြီးကလဲနံ ၊ ပုပ်စော်ကလဲထောင်းခနဲ ထောင်းခနဲနံတာ ဆိုတာခေါင်းတွေပါမူးပြီး အော့အန်ချင်လာတယ် တစ်ခါမှ အဲ့ဒီလိုအပုပ်နံ့ မရဖူးဘူး ။

တစ်ခုခုဆိုတာသိလိုက်တယ် လူကလည်း သေအောင်ကြောက်လာတယ် ။အသားတွေပါတုန်တယ် ချွေးစီးတွေဆို မြင်မကောင်းဘူး ၊ လှုပ်လည်းမလှုပ်ရဲဘူး ၊ကျွန်မက ထောင့်ဘက်ကပ်အိပ်တာဆိုတော့ ကုတင်တစ်ဖက်က ကျောပေးထားသလိုဖြစ်နေတယ် ။ ကျွန်မဘေးက ကုတင်ပေါ်မှာ တစ်ယောက်ယောက်လာအိပ်နေတယ်ဆိုတာ ကျွန်မစိတ်ကခံစားလို့ရတယ် ။ ပြီးတော့ ကုတင်ပေါ်ကနေ ပြန်ဆင်းသွားတာကိုလည်း ကျွန်မသိနေတယ် ကြောက်လိုက်တာ ဆိုတာ ပြောမနေနဲ့ ။ကျွန်မလည်းရသမျှဘုရားစာတွေကို စိတ်ထဲကနေအကုန်ရွတ်တာ ၊သမ္ဗုဒ္ဓေ ဂါထာတော် ကို ရွတ်ဖို့သတိမရဘူး ။

တော်တော်ကို ကြောက်စရာကောင်းတာ ၊ ကျွန်မလည်းသူကုတင်ပေါ်ပြန်တက်လာမှဆိုးလို့ ကြောက်ကြောက်နဲ့ မျက်စိမဖွင့်ပဲ ကုတင်ကို ကန့်လန့်ဖြတ် အိပ်လိုက်တယ် ။ပြီးတော့ မသိမသာ မျက်လုံးဖွင့်ကြည့်တဲ့အခါ မျက်လုံးက လုံးဝဖွင့်မရဘူး ၊ ဖွင့်နိုင်သလောက်ကြိုးစားပြီးဖွင့်ကြည့်တော့ ကုတင်ခြေရင်းမှာ “ မဲမဲကောင်ကြီး ”ကျွန်မကို သူ့မျက်လုံးနီနီကြီးတွေနဲ့ လှမ်းကြည့်နေတာ အမလေး အခုတောင် မျက်လုံးထဲပြန်မြင်တယ် ပြောရင်းပြောရင်းကြက်သီးထလိုက်တာ ။

ပြီးတော့ ကျွန်မအိပ်နေတဲ့ကုတင်က ကျွန်မမလှုပ်ပဲနဲ့လူတစ်ယောက်လာထိုင်သလို အိကျသွားတယ် ။အဲ့ဒီအချိန်မှာ ကျွန်မကျောရိုးတစ်လျှောက် အေးစက်သွားပြီးကြောက်လွန်းလို့ ချွေးတွေပြန်လာပြီး ကြက်သီတွေထလာတယ် ။စိတ်ထဲက ဘုရားပဲတနေမိတယ် အနံကြီးကလည်းဆိုးဝါးလိုက်တာ လူသေကောင်တွေကြားထဲရောက်နေသလိုခံစားရတယ် ။

အဲ့ဒီအနံကြီးက ဘယ်အချိန်မှပျောက်သွားလည်းဆိုတော့မနက် ( ၄ နာရီ ) ထိုးလမ်းထိပ်ကင်းတဲက သံချောင်းခေါက်သံကြားမှ လုံးဝ ပျောက်သွားတာ ။နောက်ညတွေကျွန်မ တစ်ယောက်တည်းမအိပ်ရဲတော့ဘူး ။ညဆို ပရိတ်ပဋ္ဌာန်းတွေရွတ် အမျှအတန်းတွေဝေပြီးမှ အိပ်ရဲတဲ့အကျင့်ဖြစ်သွားတယ် ။ညီမလေးကို အခန်းထဲခေါ်သိပ်ရတယ် ။ ကျွန်မထင်တာ ညက ကျွန်မ အစားအသောက်ကို ညဘက်စားပြီးတော့ အခန်းထဲယူလာမိတာ စားချင်လို့ အပြင်ကလိုက်လာတာထင်တယ် ။

ဒါတောင် အသားမဟုတ်ဘူးနော် “ ရိုးရိုး ခေါက်မုန့်လေး ” ။ အဲ့ဒီနေ့ညမှာပဲ ကျွန်မကို မုန့်ဝယ်ကျွေးတဲ့ အန်တီကြီးက မနက်ကြတော့ ပြောပြတယ် ။
သူလည်းသရဲခြောက်ခံရတယ်တဲ့ ။သူကကျွန်မထက်ဆိုးတယ် သူကကြမ်းခင်းမှာအိပ်တာလေ သူအိပ်တဲ့ခြေရင်းမှာပြောရရင် သူ့ခြေထောက်နားမှာပေါ့ “ ဒေါက် …. ဒေါက် …. ဒေါက် ” နဲ့ အသံတွေကြားလို့ မျက်လုံးဖွင့်ကြည့်လိုက်တာ “ သူ့ခြေထောက်နားမှာ ဘောလုံးလို အလုံးလေး သေးသေးလေးတဲ့သေချာမျက်လုံးပွတ်ပြီးကြည့်တော့ လူခေါင်းကြီးတဲ့ ဆံပင်ကော မျက်နှာကောပါတဲ့ခေါင်းသေးသေးလေး လှိမ့်နေတာ တဲ့ ” သူ့မှာ တစ်ညလုံး မအိပ်ရဲဘူးတဲ့မျက်လုံးကြီးမှိတ်ပြီး ဘုရားစာတွေရွတ် ၊ အော်လည်းမအော်ရဲ ၊အိပ်ယာထဲ (ကန်တော့ပါ) ရှူ ရှူးပါ ထွက်ကျကုန်တယ်တဲ့ ၊ကျွန်မလိုပဲ နံနက် ( ၄ နာရီ ) လောက်မှာ အသံတိတ်သွားလို့ကြည့်လိုက်တော့မရှိတော့ဘူးတဲ့ ။

လူကို ဘာမျှ အန္တရယ်မပြုသွားတာ ဘုရားစာရဲ့ တန်ခိုတော်ကြောင့်ဖြစ်ပါလိမ့်မယ် ၊ ဒါကကျွန်မ ယုံကြည်ချက်ပါ ။အဲ့နေ့ကစပြီး ညဆို ဘယ်သူကျွေးကျွေးဘာအစားအသောက်မှ မစားတော့ဘူး ၊ အိမ်လည်း မသယ်လာရဲတော့ဘူး ။ ဒီစာကိုဖတ်နေတဲ့သူအခုအိပ်ပြီးဖတ်နေတာဆိုရင် ခြေရင်းကိုမကြည့်ပါနဲ့ဘေးကိုမကြည့်ပါနဲ့ စောင်ကိုသေချာခြုံအိပ် အအေးမိမှာစိုးလို့ပါ ကြောက်တက်တယ်ဆို ညစဉ် မေတ္တာပို့ ၊ ဘုရားဝတ်ပြု ၊ အမျှအတန်းပေးဝေပြီးမှအိပ်ကြပါ ။
အချိန်ဘယ်လောက်မှမပေးရပါဘူး ကုသိုလ်လည်းရ အန္တာရယ်လည်းကင်းပါတယ် ။
အားလုံး ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ ။

Credit xyznews