နံရံများကိုဖောက်ထွင်းမြင်နိုင်ပြီး hypersonic လက်နက်များကို ခြေရာကောက်နိုင်မယ့်ရေဒါသစ်

သုတေသီများဟာ အသံထက် ၅ ဆအထက်နှင့် ပျံသန်းနေသောအရာဝတ္ထုများနှင့် နံရံအကွယ်မှအရာများကို အချိန်နှင့်တပြေးညီပုံဖော်ပေးနိုင်မည့် ရေဒါစနစ်အသစ်ထုတ်လုပ်ပြီးစီးနေပြီလို့ သိရပါတယ်။

Popular Science မီဒီယာ၏အဆိုအရ အဲဒီ့ပညာရှင်များဟာ အမေရိကန်အမျိုးသားစံချိန်စံညွှန်းနှင့် နည်းပညာတက္ကသိုလ်မှာအလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်များဖြစ်ပြီး ဒီ ပြိုင်စံရှားတဲ့ရေဒါစနစ်ကို မိုက်ခရိုဝေ့လှိုင်းကိုအခြေခံပြီး ထုတ်လုပ်ထားတာလို့သိရပါတယ်။

မိုက်ခရိုဝေ့လှိုင်းများဟာ လှိုင်းအလျားပိုမို ရှည်လျှားတဲ့အတွက် နံရံများ ကြမ်းပြင်များကို ဖောက်ထွင်းသွားလာနိုင်ပြီး နောက်ကွယ်တွင်ရှိနေသည့် အချက်အလက်များကို သိရှိနိုင်တယ်လို့ဆိုပါတယ်။

ဒီစီမံကိန်းမန်နေဂျာ ဖာဘီရိုဒါဆေးလ်ဗားက “လူ့မျက်လုံးများဟာ အဲဒီလိုလှိုင်းအလျှားများကို မမြင်နိုင်တဲ့အတွက် နံရံတွေကို ဖောက်ထွင်းမမြင်နိုင်ပါဘူး။ ဒါ့ပေမယ့် ဒီထက်ပိုတဲ့လှိုင်းအလျှားရှိတဲ့ မိုက်ခရိုဝေ့ဖ်လှိုင်းများမှတဆင့် နံရံကိုဖောက်ပြီးမြင်နိုင်မှာပါ” လို့ပြောပါတယ်။

သုတေသီများဟာ ယခုလိုရှာဖွေတွေ့ရှိမှုကို ဇွန်လ ၂၅ ရက်နေ့ Nature communication ဆိုသည့် စာတမ်းတစောင်ဖြင့် ဖော်ပြခဲ့တာဖြစ်ပါတယ်။

သမားရိုးကျရေဒါနည်းပညာများတွင် ရေဒီယိုလှိုင်းများကို transmitter မှ တဆင့်ထုတ်လွှင့်ကာထိရိုက်ပြီး ပြန်လာသည်လှိုင်းကို receiver ဖြင့်ဖမ်းပုံဖော်ပါတယ်။

receiver မှ ရရှိလာသော အချက်အလက်များဖြင့် အရာဝတ္ထုများ၏ တည်နေရာ၊ အရွယ်အစားနှင့်‌ရွေ့လျှားမှုများကို သိရှိနိုင်ပါတယ်။ ဒီနည်းလမ်းတွင် receiver အများအပြားနှင့် transmitter အနည်းငယ်ပါဝင်ပါတယ်။

ယခုရေဒါသစ်မှာတော့ မိုက်ခရိုဝေ့ဖ်လှိုင်းများကို transmitter အများပြားမှထုတ်လွှတ်ပေးကာ အလွန်အားကောင်းပြီးအနုစိတ်တိုင်းတာနိုင်တဲ့ receiver တခုသာ တပ်ဆင်ထားပါတယ်။

ဒီစနစ်ဟာ receiver ဆီသို့ အရာဝတ္ထုများနှင့်ထိတွေ့ပြီး ပြန်လည်ရောက်ရှိလာတဲ့ လှိုင်းများအပေါ်မှီခိုထားပြီး ပိုမိုလျှင်မြန်စွာနှင့်တိကျစွာ တည်နေရာကိုဖော်ပြနိုင်ပါတယ်။

အယူအဆအားဖြင့် အလင်းဟာအရာဝတ္ထုများနှင့် ထိတွေ့သည့်အခါ ပြန်လည်ခုန်ထွက်လာသည့်အယူအဆကိုအခြေခံပြီး အရာဝတ္ထုများတခုမှတခု ထပ်ခါထပ်ခါရောင်ပြန်ဟပ်ပြီး ပုံရိပ်ဖော်သည့်နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။

လက်ရှိတွင် အဆိုပါနည်းပညာဟာ ကနဦးအဆင့်သာရှိနေပေမယ့် အနာဂါတ်အတွက် ကြီးမားတဲ့အပြောင်းအလဲတွေ ဖော်ဆောင်ပေးနိုင်စွမ်းရှိပါတယ်။

ယခုလိုအရာဝတ္ထုများကို ထွင်းဖောက်မြင်နိုင်ပြီး တိကျသောပုံရိပ်များရရှိနိုင်ခြင်းကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မှာပါ။

၎င်းဟာတိမ်တိုက်များနှင့် မိုးများကဲ့သို့ရာသီဥတုဖြစ်စဉ်များကို ထွင်းဖောက်ပြီး အရာဝတ္ထုများကိုရှာဖွေနိုင်ပါသေးတယ်။

သိပ္ပံပညာရှင်များကပြောကြားရာမှာ ဒီစနစ်ဟာရန်သူ့ လေယာဉ်၊ ဒုံးကျည်များအပါအဝင် အသံထက် ၅ ဆအထက် ရွေ့လျားနေသည့် အရာဝတ္ထုများကို ခြေရာကောက်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒီနည်းပညာဟာ ဘယ်လောက်အထိတာသွားမလဲဆိုတာ မသိရသေးပေမယ့် အမေရိကန်စစ်တပ်ကတော့ ဒီနည်းပညာကို အသုံးချပြီး စစ်ဘက်ဆိုင်ရာပစ္စည်းတွေထုတ်လုပ်ဖို့ တုံ့ဆိုင်းနေဖွယ်ရှိမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် အသံထက် ၅ ဆ အမြန်နှုန်းအထက် ဟိုက်ပါဆိုးနစ် hypersonic ဒုံးကျည်များ အပြိုင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးစားနေကြချိန်မှာ ဒီရေဒါစနစ်ပေါ်ပေါက်လာတာဟာ ရှေ့ခြေလှမ်းတလှမ်း ပိုမိုရောက်ရှိနေသည့် သဘောပဲဖြစ်ပါတယ်။