ဒီဘဝအပြစ် ဝဋ်ကြွေးကျေပါစေတော့ အေးချမ်းပါရစေ ဝက်လက် မြို့မဈေးကို မနက်တိုင်း ဈေးလာဝယ်တဲ့ ဥစ္စာစောင့်မလေး (ဖြစ်ရပ်မှန်)

”ကယ်ကြပါအုံးတော်..ကယ်ကြပါအုံးတော်” အော်သံကြားလို့ကြည့်လိုက်တာအဖေ့ညီမဒေါ်လေးဖြစ်သူဒေါ်လုံးယဉ်(ခေါ်)ဒေါ်စပ်ရဲ့အော်သံဖြစ်နေပါတယ်။ဒေါ်လေးအိမ်ကိုသွားကြည့်လိုက်တော့အိပ်ယာထဲမှာသတိမေ့ပြီးနေပါတယ်။

အိမ်နီးပတ်ဝန်းကျင်မှလူကြီးများလူငယ်များလဲဝိုင်းအုံလာပြီးယပ်ခပ်သူယပ်ခပ်၊နှိပ်နှယ်ပေးသူပေးနှင့်ဝိုင်းအုံနေပါတယ်။ဆရာဝန်သွားခေါ်ဖို့နဲ့ရွာဦးဘုန်းတော်ကြီးပင့်လျောက်ဖို့ပြောနေကြတာကိုလည်းကြားနေရပါတယ်။မကြာခင်မြို့မှဆရာဝန်ကြီးရောက်လာပြီးလိုအပ်တာလုပ်ဆောင်ပေးပါတယ်။ဒေါ်လေးသတိရလာပါပြီ။

ဒေါ်လေးကသူ့အဖြစ်ကိုအခုလိုပြောပြပါတယ်။ကျမဒီနေ့မနက်အိပ်ယာကထပြီးမြို့ကိုဈေးဝယ်သွားပါတယ်။ဈေးဝယ်ပြီးတော့ပြန်အလာရွာအနောက်ဘက်မှာရှိတဲ့ချမ်းသာကြီးဘုရားနားရောက်တော့“ရော့ပါအေ…ညည်းကိုချစ်လို့ပါအေ”ဆိုတဲ့အသံကိုကြားလို့နောက်ကိုလှည့်ကြည့်လိုက်တော့အနီဝမ်းဆက်နဲ့ရွှေလင်ပန်းကိုခေါင်းမှာရွက်ကာဆံပင်ဖွားလားချထားတဲ့မိန်းကလေးဖြစ်နေတာကိုတွေ့ရပါတယ်။အဲ့ဒါနဲ့ကျမလည်းဘုန်းတော်ကြီးပြောတဲ့ဥစ္စာစောင့်ဖြစ်မှာပဲဆိုပြီးနောက်လှည့်မကြည့်တော့ပဲအိမ်ကိုအော်ပြီးပြေးလာခဲ့ပါတယ်။

အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်၃၀လောက်ကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒေါ်လေးအခုအသက်၇၂နှစ်ရှိပါပြီ။သက်ရှိထင်ရှားရှိနေဆဲပါ။ကျနော်ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကိုတင်ပြချင်ပင်မဲ့လည်းဥစ္စာစောင့်တို့၊စုန်း၊တစ္ဆေ၊သဘက်ကိစ္စတွေဟာခရီးသွားလာရာမှာဘုရားဂုဏ်တော်တွေကိုသာအာရုံပြုပြီးသွားတတ်တဲ့အကြောင်းများကြောင့်ဒီလိုကိစ္စမျိုးကိုရေးဖို့အာရုံမရခဲ့ပါဘူး။ဒါပင်မဲ့ကိုယ့်မျက်စိနဲ့မမြင်ရလို့မရှိဘူး၊မတွေ့ဘူးလို့တော့ပြောလို့မရပါဘူး။သာမန်မျက်စိနဲ့မမြင်ရလို့ပါဝါမျက်မှန်နဲ့တပ်ပြီး

ကြည့်မှမြင်ရတာတွေလဲရှိပါတယ်။စာရေးဆရာစစ်ကိုင်းဦးဖိုးသင်းပြောတဲ့စကားလိုပဲဒီလိုကိစ္စဆိုတာရှိတဲ့သူတော့ရှိမှာပေါ့တဲ့။ကျနော်တို့ရွာဦးဘုန်းတော်ကြီးပြောဖူးပါတယ်။ရွာရဲ့အနောက်ဖက်မှာရှိတဲ့ရွှေမြင်တင်ဘုရားနဲ့ချမ်းသာကြီးဘုရားနှစ်ဆူဟာဟံလင်းပြူမင်းပြုံးမင်းမောင်နှမတစ်စုတည်ကြတဲ့ဘုရားများဖြစ်ပါသတဲ့ဟံလင်းမြို့ဟောင်းကနေလှမ်းမျှော်ကြည့်လိုက်ရင်ဒီဘုရားတွေမြင်ရပါသတဲ့။တည်တုန်းကတစ်ချိန်တည်းတစ်ပြိုင်တည်းပြီးအောင်တည်ကြတဲ့ဘုရားတွေဖြစ်ပါတယ်။

အဲ့ဒါတွေကတော့ဟံလင်းရွှေဂူကြီး၊ရွှေမြင်တင်နဲ့ဆင်းကွက်ကရွှေဂူကြီးဘုရားတွေဖြစ်ပါသတဲ့။ယခုရွှေမြင်တင်မြတ်စွာဘုရားဟာဟံလင်းမှရွှေဂူကြီးဘုရားနဲ့တစ်ပြိုင်တည်းပြီးစီးပါသတဲ့။ဟံလင်းမြို့ဟောင်းနဲ့၇မိုင်လောက်ဝေးတဲ့ဆင်းကွက်ရွာမှာတည်တဲ့ရွှေဂူကြီးဘုရားဟာအချိန်မှီပြီးစီးမှုမရှိပါဘူးတဲ့။အဲ့ဒါကြောင့်ပြီးစီးလေဟန်နဲ့ဘုရားကိုပိတ်ဖြူပတ်ပြီးပြထားလိုက်ပါသတဲ့။ခုချိန်ထိအဲ့ဒီဆင်းကွက်ဘုရားပွဲဟာဘုရားပွဲကျင်းပတိုင်းရုတ်ရုတ်သဲသဲနဲ့တစ်ခုခုဖြစ်ရပါသတဲ့။ဒါကတော့ဘုန်းတော်ကြီးပြောပြဖူးတဲ့အတွက်သိရတာပါ။

ဥစ္စာစောင့်နဲ့ပတိသတ်ပြီးရွာဦးဘုန်တော်ကြီးပြောပြတာကတော့…“နံနက်တိုင်းဝက်လက်မြို့မဈေးသွားပြီးဈေးဝယ်လေ့ရှိကြောင်း၊လူတွေလိုဝတ်စားထားလို့ဥစ္စာစောင့်မှန်းမသိကြတာဖြစ်ကြောင်း၊ဘုန်းကြီးကိုအိမ်မက်ပေးပြီးငွေလှူလေ့ရှိကြကြောင်း၊အိမ်မက်အရချမ်းသာကြီးဘုရားအနီးမှာရှိတဲ့ကျောက်တုံးအောက်မှာလာယူပါဆိုလို့နံနက်လင်းရင်သွားယူရကြောင်း၊အဲ့ဒီငွေနဲ့ဘုန်းကြီးကဘုရား၊ကျောင်း၊ကန်၊ပြုပြင်ပြီးအမျှဝေပေးရကြောင်း၊ဒကာမကြီးကိုချစ်လို့ပေးတာဖြစ်သောကြောင့်မယူလျှင်ဘာမှမဖြစ်ကြောင်း၊

လူစားလဲခံရတယ်ဆိုသည်မှာမမှန်ကန်ပါကြောင်း”ဆရာတော်အမိန့်ရှိပါတယ်။ဒေါ်လေးစိတ်သက်သာရာရဖို့ပြောသလားမသိပါ။ကျနော်သူငယ်တန်းမှစတုတ္ထတန်းအထိပညာသင်ခဲ့ရတဲ့ကာလတွေမှာညနေကျောင်းဆင်းတိုင်းဘုရားပြင်ဖို့အုတ်သယ်၊ကျောက်ကောက်ခဲ့ရတာတွေကိုပြန်ပြီးသတိရမိပါတယ်။ဒေါ်လေးကတော့အဲ့ဒီဘုရားရှိတဲ့လမ်းကဈေးဝယ်မသွားတော့တာဒီနေ့အထိပါပဲ။ကျနော်တို့ရွာကမြို့ကိုဈေးဝယ်သွားရင်အထက်လမ်းအောက်လမ်းဆိုပြီးရှိပါတယ်။မြို့နဲ့တစ်မိုင်လောက်ဝေးပါတယ်။

ဝက်လက်မြို့ရဲ့အရှေ့ဘက်မြေသားလမ်းဖြောင့်ဖြောင့်ဖြူးဖြူးနဲ့မြင်တော်စံပြကျေးရွာပါ။တောင်ကုန်းမြင့်ပေါ်မှာတည်ထားတာပါ။ရွာအရှေ့ဘက်အင်းကြီးကလည်းဟံလင်းမြို့ဟောင်းထိလှေနဲ့အရင်ကသွားလို့ရပါတယ်။အင်းထဲကနေလှေပေါ်ကကြည့်ရင်ဧရာဝတီနဲ့စစ်ကိုင်းတောင်လိုကြည့်လို့အလွန်လှတဲ့ရွာပါ။ဒီအကြောင်းကိုကိုယ်တိုင်သိရှိလိုပါကရွာကိုလာရောက်မေးမြန်းလို့ရပါတယ်။

ရတနာဦး(ဝက္လက္)