တစ်ရွာလုံး ပိုက်ဆံကိုင်ခွင့်မရသည့် မြန်မာနိုင်ငံမှ ရွာလေးတစ်ရွာအကြောင်း

တစ်ရွာလုံးပိုက်ဆံကိုင်ခွင့်မရသည့် တံငါရွာဒုံးဆွေသန်းကျေးရွာလူတစ်ဦး၊ မိသားစုတစ်စုတွင်မက တစ်ရွာလုံးပိုက်ဆံမရှိဘဲရပ်တည်နေထိုင်သည့် ရွာတစ်ရွာမှာ တနင်္သာရီတိုင်းအတွင်းရှိနေသည်။ တနင်္သာရီတိုင်းမြိတ်ခရိုင်ကျွန်းစုမြို့နယ်အတွင်းရှိ ရေမြစ်ကြီးကျေးရွာအုပ်စုတွင်ယင်းရွာရှိနေသည်။

အမည်က (ဒုံးဆွေသန်းကျေးရွာ)ဒုံးကျွန်းအုပ်စုအတွင်းဒုံးပုလဲအော် ၊ဒုံးညောင်မှိုင်း ၊ဒုံးဒဟွန်း စသည့်ကျေးရွာအမည်များရှိကြသည်ကို လူအများကသိကြသည်။ သို့သော်( ဒုံးဆွေသန်းကျေးရွာ) ဟုရွာလေဆိပ်တွင် ဆိုင်းဘုတ်ကြီးတင်ထားသော်လည်း သူ့ရွာအမည်ကိုလူအများသိပ်မကြားဖူးကြ။ သည်ရွာကိုဦးဆွေသန်းဆိုသူက လွန်ခဲ့သည့်နှစ်ပေါင်းလေးဆယ်ကျော်ကတည်းကတည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင်အိမ်ခြေတစ်ရာနီးပါးပင်ရှိလာနေပြီဖြစ်သည်။

ယင်းရွာတွင်လက်ရှိနေထိုင်နေကြသူ တခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြားဒေသများမှလာရောက်လုပ်ကိုင်ပြီး အခြေချနေထိုင်သူများဖြစ်ကြသည်။သို့သော်ဦးဆွေသန်းမှာဆုံးပါးသွားခဲ့ပြီဖြစ်သည်။ ၎င်းအစားသမီးဖြစ်သူက အဖေ၏လုပ်ငန်းများအား ဆက်လက်ဦးဆောင်လုပ်ကိုင်နေသည်။ ရွာရှိ ၁၂ နှစ်အရွယ်ယောက်ျားကလေးမှအစ လုပ်နိုင်ကိုင်နိုင်သည့်အမျိုးသားအားလုံးမှာ ပင်လယ်ပြင်ထွက်၍ ငါးပုစွန်ဖမ်းကာနေ့တဓူဝလုပ်ကိုင်နေကြရသည်။ သို့သော်လည်း ၎င်းတို့ နေပူမိုးရွာမရှောင်လုပ်ခဲ့ကြသည့် လုပ်အားခငွေကြေးတစ်ပြားတစ်ချပ်မှမြင်ဖူးခြင်းမရှိကြ။ ယင်းအစားလိုအပ်သည့်ရိက္ခာများကိုသာသူတို့ရရှိကြသည် ပိုက်ဆံကိုတော့ဒီရွာမှာ ဘယ်သူမှမကိုင်ကြရဘူးဟုယင်းရွာနေ အသက် ( ၄၅ ) နှစ်ခန့်ရှိသူအမျိုးသားကပြောသည်။ ရွာရှိပုစွန်ငါးဖမ်းပိုက်လှေ ၉၀ ရာခိုင်နှုန်းကို ဦးဆွေသန်းဆိုသူကပိုင်ဆိုင်ထားပြီး ရွာသား ( ၉၀ ) ရာခိုင်နှုန်းသည်လည်း ၎င်းထံတွင်အလုပ်လုပ်နေကြရသည်။

အလုပ်သမားတစ်ဦး၏ တစ်လလုပ်အားခမှာက‌လေးဆိုလျှင် ကျပ်သုံးသောင်းဝန်းကျင်နှင့် လူကြီးဆိုရင်ကျပ်တစ်သိန်းဝန်းကျင်ခန့်ရရှိကြသည်၊ သို့သော်ရရှိသည့် လုပ်အားခကိုမူငွေကြေးအဖြစ် သူဌေးကမည့်သည့်အခါကမှထုတ်ပေးခြင်းမရှိ။ ငွေရှိပါကလည်းဝယ်ခြမ်းစားသောက်စရာ စျေးဆိုင်လက်ဖက်ရည်ဆိုင်အရက်ဆိုင် ကွမ်းယာဆိုင်ဟူ၍လည်းရွာတွင်မရှိ ။ ဆိုင်ဆိုသည်ကနတ္ထိ ။ ရွာသားများလိုအပ်သည့်ပစ္စည်းများအားလုံးကို ဦးဆွေသန်းဆိုင်တစ်ခုတည်းတွင်သာရယူကြရသည်။ဆိုင်ဆိုတာသူတို့မထိုင်ဖူးကြသူကများတယ်။ တခြားရွာရောက်လို့လည်း ဆိုင်ထိုင်ဖို့သူတို့မှာပိုက်ဆံမှမရှိတာဟု ၄၅ နှစ်ရှိယင်းရွာသားတစ်ဦးကပြောသည်။ ရွာတွင် အလယ်တန်းအဆင့်ထိစာသင်ကျောင်းရှိသော်လည်း လူငယ်သုံးပုံတစ်ပုံမှာကျောင်းမနေကြရ။ စောစောစီးစီးလုပ်ငန်းခွင်ထဲဝင်ရောက်လုပ်ကိုင်နေကြရသည်။ ဦးဆွေသန်းထံတွင်ရွာ၏လူဦးရေ ၉၀ ရာခိုင်နှုန်းခန့် အလုပ်လုပ်နေကြရာတွင်အသက် ၁၈ နှစ်အောက် ရေလုပ်သားငါးဆယ်ကျော်ခန့်လည်း ဝင်ရောက်လုပ်ကိုင်နေကြသည်ဟုရွာသားကပြောပြကြသည်။

သူဌေးနားမှာအလုပ်လုပ်နေသူတွေက တစ်ယောက်မှအကြွေးမကင်းကြဘူး ။ အနိမ့်ဆုံးဆယ်သိန်းလောက်တော့အကြွေးတင်နေကြတယ်ဟု ယင်းရွာနေထိုင်သူ အသက် ၃၅ နှစ်ရှိ အမည်မဖော်လိုအမျိုးသမီးတစ်ဦးကပြောသည်။ အကြွေးတင်နေသူများကို သူဌေးကရသည့်လစာထဲမှလစဉ်နုတ်ယူလျက်ရှိပြီး ယင်းလူများအား ရိက္ခာပစ္စည်းရောင်းချရာတွင်လည်း တစ်နေ့နှစ်ထောင်ငါးရာတန်ဖိုးထက်ပိုရောင်းပေးခြင်းမရှိဟု ၎င်းတို့ကဆိုသည်။ ယင်းအပြင်ကျန်းမာရေးမကောင်းသဖြင့် အလုပ်မဆင်းနိုင်လျှင်လည်း ယင်းမိသားစုအားအလားတူတစ်နေ့ နှစ်ထောင်ထက်ပိုရောင်းပေးလေ့မရှိ ဟုရွာသားများကပြောပြသည်။ လူများတဲ့မိသားစုကဘယ်လိုလုပ်ပြီး စားလောက်မလဲ။ ဆန်တစ်ပြည်ပဲတစ်ထောင်ကျော်ကျနေပြီဟု ရွာနေအမျိုးသမီးတစ်ဦးကပြောသည်။ အိမ်ထောင်ဦးစီးတစ်ဦးသေလျှင် ကျန်ရစ်မိသားစုက အကြွေးကျေအောင်လုပ်ဆပ်နေရပြီး သူဌေးအကြွေးသံသရာဝဲသြဃအတွင်း သူတို့ဘဝများရုန်းထွက်လွတ်မြောက်နိုင်စွမ်းမရှိကြပေ။ အထက်ပါအကြောင်းရာများကို The Tanintharyi Weekly တနင်္သာရီ နိုဝင်ဘာ၁၆ နိုဝင်ဘာ ၂၂ ၊ ၂၀၂၀၊ တနင်္လာနေ့ထုတ်ဂျာနယ်မှာ အကျဉ်းချုပ်ဖော်ပြခဲ့ပါသည်။ ထိုနည်းအတူမြိတ်ခရိုင်ကျွန်းစုမြို့နယ်အတွင်း ကျားပါးစပ်တံငါလုပ်သားများဟာလည်း မိသားစုလိုက်အကြွေးနွံနှစ်၍ ကျားပါးစပ်လုပ်သားတိုင်းလိုလို သားသမီးများကိုပင်ကျောင်မထားနိုင် တစ်ချို့ကျွန်းများမှာလည်းကျောင်းများမရှိကြ၍ တစ်ချို့သောကျားပါးစပ်ရှိရာကျွန်းများဟာလည်း ကျားပါးစပ်သူဌေးစက်လှေကလွဲ၍ မည်သည့်လှေတစ်စီးမှလာရောက်ခြင်း မရှိကြပါကြောင်း ထပ်လောင်း၍ပြောပြလိုက်ပါရစေ။

အေးမင်းထိုက် / တနင်္သာရီ crd ဘကွန်း