စစ်ကောင်စီကိုတက်ခွင့်မပြုသည့် ကုလလူ့အခွင့်အရေးကောင်စီညီလာခံတွင် မြန်မာ့အရေးမဆွေးနွေးရန် ကြိုးပမ်းမှု့ကျရှုံး

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၄၇ ကြိမ်မြောက် ညီလာခံတွင် မြန်မာစစ်ကောင်စီကို တက်ခွင့်မပြုကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ကြေညာပြီးနောက် ညီလာခံတွင် မြန်မာ့အရေး ဆွေးနွေးခြင်းမပြုရန် စစ်ကောင်စီလိုလားသော နိုင်ငံတချို့က ကြိုးပမ်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ယင်းကြိုးပမ်းမှုမှာ ရှုံးနိမ့်သွားပြီး NUGအမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်္မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

မြန်မာစစ်ကောင်စီ၏ ကိုယ်စားလှယ်ကို အသိအမှတ်မပြုခြင်း၊ ညီလာခံတက်ခွင့်မပြုဟု ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက သတ်မှတ်ထားကြောင်း၊ ယင်းအခြေအနေတွင် စစ်ကောင်စီလိုလားသော နိုင်ငံအချို့က ညီလာခံတွင် မြန်မာ့အရေး မဆွေးနွေးရန် ကြိုးစားသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ကျရှုံးသွားသဖြင့် ညီလာခံတွင် မြန်မာ့အရေး ကို ဆက်လက် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

“လူ့အခွင့်အရေးကောင်စီက နောက်ထပ် သံတမန်နည်းအရအောင်ပွဲတစ်ခုအကြောင်း ပြောပါရစေ။ အခုကျင်း ပနေတဲ့ (၄၇) ကြိမ်မြောက်လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်ဘယ်သူမှ တက်ရောက်ခွင့်မပြုဘဲ ကိုယ်စားပြုတက်ရောက်ခွင့်ကို စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေညီလာခံက ဆုံးဖြတ်ပေးဖို့ လွှဲပြောင်းပေးခဲ့ပါတယ်။ အခုလို မြန်မာနိုင်ငံကိုယ်စားလှယ်တက်ရောက်ခွင့် ဆိုင်းငံ့ထားတာကို အကြောင်းပြပြီး လူ့အခွင့်အရေးကောင်စီဝင်နိုင်ငံတချို့က အာဂျင်တာမှာပါတဲ့အစီအစဥ်နှစ်ခုကို ဖျက်သိမ်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအစီအစဥ် (interactive Dialogue) တွေကတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးအရာရှိ Mr. Tom Andrew ရဲ့အစီရင်ခံစာအပေါ် တင်ပြဆွေးနွေးတဲ့ အစီအစဥ်နဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးမဟာမင်းကြီး Ms. Micelle Bachelet ရဲ့ တင်ပြချက်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အစီအစဥ်ပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်စီဝင်နိုင်ငံတွေကြားမှာ ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဖွဲ့ဝင် (၄၇) နိုင်ငံကြားမှာ ဒီအစီအစဥ်တွေ ဆက်လက်ကျင်းပသင့်တယ်လို့ ထောက်ခံခဲ့တဲ့နိုင်ငံက (၂၆) နိုင်ငံ၊ ကန့်ကွက် (၇) နိုင်ငံနဲ့ ကြားနေ (၁၄) နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံလူ့အခွင့်အရေးတင်ပြဆွေးနွေးမဲ့ ဒီအစီအစဥ်နှစ်ခုကို ပျက်အောင်ကြိုးစားမှုရှိခဲ့ပေမဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကို ဆွေးနွေးလိုတဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကြောင့် ဆက်လက်တင်ပြဆွေးနွေးမှုတွေ လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက သတင်းထုတ်ပြန်ထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးခြင်း မပြုရန် ကန့်ကွက်ခဲ့သည့်နိုင်ငံများတွင် တရုတ်၊ ရုရှား၊ ကျူးဘား၊ ဘဟားမား၊ အဲရစ်တီးရား၊ ဖီဂျီ၊ ဗင်နီဇွဲလားနိုင်ငံတို့ပါဝင်ပြီး မြန်မာ့အရေး ဆွေးနွေးရန် ထောက်ခံသည့် နိုင်ငံ ၂၆ နိုင်ငံတွင် အာဆီယံနိုင်ငံများမှ အင်ဒိုနီးရှားနှင့် ဖိလိပိုင်နိုင်ငံ ပါဝင်နေသည်ဟု သိရှိရခဲ့ပါသည်။