ကျောက်ပုထိုးရွှေတွင်းနှင့် ရွှေတွင်းစတွေ့သူကို သန့်ရှင်းရေးဝန်ထမ်းလုပ်ခိုင်းတဲ့ မြန်မာပြည်

နာမည်ကျော်ကြားလှပြီး ဒေသခံတွေပင် မမြင်ဖူးမရောက်ဖူးကြတဲ့ ကောလင်းဝန်းသိုနယ်မှ ကျောက်ပုထိုးသတ္ထုတွင်းအကြောင်းလေ့လာခြင်း”

ကျောက်ပုထိုးသတ္ထုတွင်း ဆိုတဲ့အမည်ဟာ တခြားဒေသကကြားဖူးနားဝရှိကြတဲ့ လူတွေအတွက်ရော ဝန်းသိုကောလင်းဒေသမှာနေထိုင်ကြသူတွေအတွက်ပါ စိတ်ဝင်စားဖွယ်ရာ လျှို့ဝှက်နေရာတစ်ခုလို နှစ်ကာလများစွာ ဖြစ်တည်လို့နေခဲ့ပါတယ်။

ဒဏ္ဍာရီဆန်ဆန်နဲ့ပေါ်ပေါက်လာခဲ့တဲ့ သည်နေရာဟာ လူသွားလူလာကန့်သတ်နယ်မြေတစ်ခု အဖြစ်ရှိနေတာကြောင့် စူးစမ်းချင်ကြတဲ့ လူ့သဘာဝအရ သူ့အကြောင်းကို သိရှိလိုကြတာ မဆန်းဘူးလို့ဆိုရပါမယ်။

ပုံတွေမှာလိုက်ကြည့်ရင် ရေကန်(ရေလှောင်ကန်) ကြီးတစ်ကန်တွေ့ပါလိမ့်မယ်။ (ဖေ့ဘုတ်တွင် ဤရွှေတွင်းနှင့်ပတ်သက်၍ စာနှင့်ပုံမှာ စာရိုက်ရှာသော်လည်းမရနိုင်ပါ မရှိဘူးဟုဆိုရမလိုပင်) အဆိုပါရေကန်ဟာ ဘန့်ဘွေးကုန်းရွာအရှေ့တောင်ဘက်ထိပ်မှ ကျောက်ပုထိုးသတ္ထုတွင်းရှိရာ တောင်ခြေအထိ ကျယ်ဝန်းရှည်လျားပါတယ်။

ရေကန်နဲ့ယှဉ်ပြေးနေတဲ့လမ်းဟာ တောင်ခြေလမ်းရောက်တာနဲ့ သံတန်းတံခါးပြုလုပ်ထားပြီး တံခါးစောင့်များချထားပါတယ်။ ဝင်ခွင့်မရှိပါဘူး။ ရွှေချက်ကန် အရှေ့ဘက်တောင်ရိုးတစ်ကြောလုံး ကားလမ်းသွယ်ယှက်ထားပြီး ရေကန်အနောက်ဘက် လမ်းမကနေကြည့်ရင် ကျောက်သယ်ကားတွေ သွားလာနေတာ မြင်ရပါတယ်။

လမ်းဟာကန့်သတ်နယ်မြေထဲ ဝင်လို့မရပေမယ့် ဝင်းနံရံကိုကွေ့ပတ်ပြီး အနောက်ဘက်ရွာတွေကနေလာတဲ့လမ်း (ကုမ္ပဏီ ဆိုင်းဘုတ်စိုက်ထူထားရာ) လမ်းနဲ့သွားဆုံပါတယ်။ သည်အဝင်မှာလည်း ဂိတ်ရှိပါတယ်။ ဂိတ်ရဲ့အပြင်ဘက် အနောက်ကျကျမှာ ရွှေတွင်းဝန်ထမ်းနဲ့ အလုပ်သမားများရဲ့ နေအိမ်တဲအိမ်များ ရှိနေပါတယ်။

ကျွန်တော်ဂိတ်ပေါက်ကိုရောက်တော့ ဂိတ်မှာစောင့်သူတွေနဲ့ မည်သို့မိတ်ဆက်ရမယ် မသိပါဘူး။ ဖြတ်ခနဲအတွေးထဲပေါ်လာတာက ဆရာမောင်သိန်းလွင်(ကျောက်ပုထိုး)ကိုပါ။ အပြင်မှာ သိလို့တော့မဟုတ်ပါဘူး။ စာအုပ်တွေဖတ်ရင်းသိနေတာပါ။

(လင်းလွန်းခင်စာပေတိုက် အမည်နဲ့စာပေထုတ်ဝေသူ)ပါ။ ဒါနဲ့ စကားပြောရင်းနဲ့ “ဆရာသိန်းလွင်ရှိသလားဗျ”လို့မေးကြည့်ပါတယ်။ “စက်မှုအင်ဂျင်နီယာ ကိုသိန်းလွင်ပါ သိပါတယ်ခင်ဗျာ သူကအခုအလုပ်ပြောင်းသွားပြီ “လို့ ပြန်ဖြေပါတယ်။ သည်ဆရာရှိရင်တော့ စာပေသံယောဇဉ်နဲ့ ဝင်ကြည့်လို့ရကောင်းရနိုင်ရဲ့လို့ တွေးမိသေးတယ်။

သည်ဘက်ဂိတ်ရဲ့ မြောက်ဘက်တောင်ကြောထိလည်း ကားလမ်းရှိပြီး ကားအသွားအလာရှိနေတာပါပဲ။ ကျွန်တော်က လုပ်ခလစာတွေ၊ ရွှေရရှိမှုအခြေအနေတွေမေးပါတယ်။ “အထဲဝင်ကြည့်လို့မရဘူးဆိုဗျ” လို့ပြောတော့ “ဝင်ကြည့်လို့ရပါတယ် ရွှေချက်ကန်တို့ သိုလှောင်ကန်တို့တော့မရပါဘူး” လို့ပြောပြပါတယ်။ ကားတွေက မြေစာတွေကျောက်တွေကို မြေစာပုံကြီးတွေပေါ် သွားသွန်နေကြတာတွေ့နေရလို့ “သည်နယ်တစ်ဝိုက်မှာ မြေနိမ့်နေလို့ ရေဝပ်လမ်းပျက်ဖြစ်နေတဲ့ ရွာတွေလမ်းမတွေရှိနေတာပဲဗျာ သည်မှာပုံမယ့်အစား အယ့်သည်နေရာတွေသွားပုံရင် နှစ်ဖက်မကောင်းဘူးလားဗျာ”ပြောကြည့်တယ်။

ကျွန်တော်တို့လည်း အရင်ကမြေလိုတဲ့နေရာ သွားချပေးပါတယ်ဗျာ ဒါပေမဲ့သည်မြေနဲ့သည်ကျောက်က ရွှေသန့်စင်တဲ့ဓာတ်သတ္ထုပါဝင်နေတော့ လမ်းပေါ်ချထားတဲ့မြေ ရေစီးကြောင်းနဲ့ရောပြီး လယ်ထဲဝင်သွားတဲ့အခါ လယ်မြေပျက်တယ် ဆိုပြီးပြောကြလိုပါ”လို့ဆိုပါတယ်။

ရှေးယခင်က ယခုရွှေသန့်စင်စက်ရုံနေရာမှာ သဘာဝအတိုင်းကျောက်သားကနေ စေတီပုထိုးဖြစ်တည်နေခဲ့လို့ ကျောက်ပုထိုးဆိုပြီး နှောင်းခေတ်လူတို့ကိုးကွယ်ခဲ့ကြတာပါ။ [စကားချပ်၊ တောင်တွင်ရှိသော ကျောက်တုံးများတွင် ပိုးကောင်များထိုး၍ စား၍ ထားသကဲ့သို့ “ပိုးထိုးရာ”များရှိသဖြင့် “ကျောက်ပိုးထိုး”ဟုခေါ်ကြရာမှ ကာလကြာသော် ကျောက်ပုထိုး ဟုခေါ်သည် ဟူ၍လည်းသိရပါသည်။]

ဒေါ်ဗျိုင်းလို့ခေါ်တဲ့အမျိုးသမီးက သည်တောင်မြေမှာ ရွှေတွေစတွေ့ခဲ့ပါသတဲ့။ လူသတင်းလူချင်းဆောင်ပြီး သူ့နောက်လိုက်ကာ နယ်သူနယ်သားတွေအားလုံး ရွှေတွေရကြတော့တာပါ။ ရွှေရတာများလို့ နာမည်ကြီးလာတော့ အစိုးရနားအထိ ပေါက်ကြားသွားပါရော။ သည်အခါ “အစိုးရမင်းများ လူကြီးများလာကြည့်လိမ့်မယ် တို့ဒေသကို ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတော့မတဲ့”လို့ သတင်းကြားရသတဲ့ ။ရွှေတွေ့တဲ့ဒေသမို့ ချီးမြောက်ခံရတော့မပေါ့ လို့တွေးကြတာပေါ့လေ။

လာမယ့်နေ့ရောက်တော့ အစိုးရမင်းများကြိုဖို့ပြင်ဆင်ကြ စားဖွယ်သောက်ရာများ ချက်ပြုတ်ကြတယ်။ ဝမ်းသာအားရ အတီးအမှုတ်တွေနဲ့ကြိုဆိုကြတယ်။ “သည်နေရာကို အစိုးရက စည်းဝိုက်တော့မယ် အပြင်လူမဝင်ရတော့ဘူး”လို့ ပြောကြတော့ခါမှ သူတို့ရွှေရှာခွင့်မရှိတော့ဘူးဆိုတာ သိကြပြီးဝမ်းနည်းငိုကြွေးကြရသတဲ့။

“သည်မြေမှာ ရွှေထွက်တာ ဘယ်သူစသိတာလဲ”လို့ မေးပြန်တော့ ဒို့ရွှေမရှာရသော်ငြားလည်း ငါတို့ကျေးဇူးရှင်ဒေါ်ဗျိုင်းတော့ မင်းမြောက်စားခံရလိမ့်မယ်ထင်ရဲ့လို့ တွေးပြီး “ဒေါ်ဗျိုင်းစတွေ့တာပါခင်ဗျ”လို့ ဒေါ်ဗျိုင်းကို ဝမ်းသာအားရ ခေါ်ပြကြတယ်။ “အေး ဒေါ်ဗျိုင်းကိူတော့ အလုပ်အကိုင် တစ်နေရာပေးပြီး ဂုဏ်ပြုရမှာ”လို့ လူကြီးတွေက မိန့်ကြသတဲ့။

ဒါပေမဲ့ နယ်သူနယ်သားတွေ တွေးထင်ထားကြသလို သူတို့ကျေးဇူးရှင်ဒေါ်ဗျိုင်းဟာ အေးအေးသက်သာ အလုပ်နေရာနဲ့ ချီးမြောက်ခံလိုက်ရတာတော့ မဟုတ်ခဲ့ပါဘူး။ သူဟာ သည်စက်ရုံနဲ့ အလုပ်ရုံတွေမှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ်သာ မြင်တွေ့ကြရပါတယ်။

ကျောက်ပုထိုးသတ္ထုတွင်းဟာ မြန်မာနိုင်ငံမှာ ပထမဆုံး open tae မြေပေါ်မိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ တွင်းထွက်သယံဇာတထွက်ရှိမှုကို မူတည်ပြီး ဇုံတွေခွဲထားရာမှာ ရွှေသတ္ထုဇုံဟာ တောင်ငူအရှေ့ဘက် မိုးထိမိုးမိကနေ တောင်ဘက်ဆင်းသွားပြီး မွန်ပြည်နယ် ဘက် သွယ်တန်းနေတဲ့ ရွှေဇုံဟာ ကောလင်း ဝန်းသို မြောက်ဘက်ထိ တောင်မြောက်နီးပါးတန်းနေတယ်လို့ ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်းက ပြောပါတယ်။ ပြီးမှ သပိတ်ကျင်းမြို့နယ်အထိ ဆက်သွားတယ်လို့ ဆိုပါတယ်။

မူလရွှေဟာ အနည်ကျကျောက်နဲ့ကော မီးသင့်ကျောက်နဲ့ပါ တွဲနေပါတယ်။ အနောက်ပိုင်းက တိုးဝင် ဝန်းသိုမီးသင့်ကျောက်တွေနဲ့ တွဲတွေ့ရပါတယ်။ သည်ကျောက်ပုထိုးမိုင်း ရွှေကျတော့ မလည်ကျောက်လွှာစဉ် ထဲက ဆီလီကာကြွယ်တဲ့ သဲကျောက်လို အနည်ကျကျောက်တွေနဲ့ တွဲတွေ့ရတတ်ပါတယ်။

ကျောက်ပုထိုးမိုင်းရွှေဟာ ကျောက်ပုထိုးမိုင်း အရှေ့ဘက် ၅ကီလိုမီတာလောက်မှာရှိတဲ့ တောင်မြောက်နီးပါးတန်းနေတဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့ နီးစပ်မှုရှိနေတယ်။ ကျောက်ပုထိုးလုပ်ကွက်က နိုင်ငံတော်အတွက် တစ်လကို ရွှေ ၈ ပိဿာ နဲ့ ၁၅ ကျပ်သားရတယ်လို့ ပြောကြပါတယ်။ မိုင်းလုပ်ကွက်ကြီးအတွက် ၁လအခွန် 8.15 viss သွင်းတယ်။ အသေးစားလုပ်ကွက်အတွက်က ၂၀ ဧက တစ်နှစ်ကို ရွှေစင် ၂၄ ကျပ်သားလို့ ပြောကြပါတယ်။

မဆလအစိုးရခေတ်မှာ တရုတ်နဲ့ ဖက်စပ်လုပ်ကိုင်ခဲ့ပြီး စစ်တပ်တပ်ရင်းတစ်ခုနဲ့ စောင့်ကြပ်ခဲ့ကြပါတယ်။ ရွှေသန့်စင်စက်ရုံကို အမေရိကန် ဒေါ်လာ သန်း ၅၀ နဲ့ မြန်မာငွေကျပ် သန်း ၂၉၀ ရင်းနှီးပြီး ၁၉၈၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ၁ – ၈ – ၂၀၀၇ ခုနှစ်မှာအမှတ် ၂ သတ္ထုတွင်းလုပ်ငန်း နဲ့ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားတဲ့စနစ်ဖြင့် ထာဝရသတ္ထုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမီတက်က အမည်ပေါက် လွဲပြောင်းလုပ်ကိုင်ခဲ့ပါတယ်။

ကျောက်ပုထိုးသတ္ထုတွင်းနှင့် ပတ်သက်၍ အကြောင်းအရာ နှင့် ပုံများကို လေ့လာရှာဖွေကာ စုဆောင်းတင်ပြလိုက်ရပါသည်။ ဗဟုသုတ တိုးပွားနိုင်ကြပါစေခင်ဗျာ။Crd, ဇေယျာထွန်း (တော်ဝင်မြန်မာ)