ကျနော် အပျိုကြီးတစ်ယောက်နဲ့ မှားခဲ့တယ်

၀န်ခံပါတယ်… သူ့ဘက်ကမမှားဘူး ကျနော့ဘက်ကမှားခဲ့တာပါ။ ယောကျ်ားကောင်းဆိုတာ ကိုယ့်အမှားကို တာဝန်ယူရဲရမှာပေါ့ ။ ကျနော့ အမှားအတွက် တာဝန်ယူဖို့ဆုံးဖြတ်လိုက်ပြီ။

 

မှတ်မှတ်ရရ အဲ့ဒီနေ့က ပေါ့ ။ ကောင်းကင်တစ်ခွင်စစ်ခင်းနေသည့်အလား လျှပ်စီးကြောင်းများကလက်နက်ခဲယမ်းများပစ်ဖောက်နေသလို လက်ခနဲလက်ခနဲ အားမာန်အပြည့်နဲ့ငြာသံပေးလို့ ၊ ပြိုကျတော့မယောင် မိုးသားတွေက တစ်ရွေ့ရွေ့ နဲ့ ဒေါသတွေကိုမြိုသိပ်ပြီး အမျက်ခြောင်းခြောင်းထွက်လို့ ဘယ်အချိန်ဖောက်ခွဲပစ်ရမလဲဆိုတာ ဉာဏ်မီသရွေ့ ကောက်ကျစ်ဖို့စဉ်းစားနေလေရဲ့ ။ လူသွားလူလာများဖြင့်စည်ကားလေ့ရှိတဲ့ရွာလယ်လမ်းမမှာတော့ ရွံ့ဗွက်တွေနေရာအတော်များများကိုကြီးစိုးထားလို့လား အငြိုးတစ်ကြီးရွာချပစ်နိုင်ခြေများတဲ့ ဆည်းဆာဖျက်မိုးကိုစိုးရိမ်နေလို့လားမသိ ခွေးလေခွေးလွင့် မှတစ်ပါးလူသွားလူလာကင်းရှင်းနေသည်။

ဖိနပ်နှစ်ဖက်လက်မှာကိုင် ပုဆိုးတိုတိုဝတ်ပြီး ရွံ့ဗွက်အသွယ်သွယ်ကို သိုင်းနင်းကွက်ကျကျော်ဖြတ်လိုက်…. လိုရာမရောက်သောဒယီးဒယိုင်ခြေလှမ်းများကြောင့် ဗွက်ထဲချော်ကျလိုက်ဖြင့် လမ်းတစ်လျှောက်ခွေးလေ ခွေးလွင့့်တွေကြားမှာကျနော်တစ်ယောက် popular ကိုဖြစ်လို့။ လူပျိုလှည့်ရင်ဝတ်ဖို့ တစ်နေ့ကမှဝယ်ပြီးခါစ ယောပုဆိုးနဲ့ D2 အကျႌအသစ်ကလေးမှာတော့ ရွံ့နှစ်များဖြင့် သနပ်ခါးရေကျဲ လိမ်းနေလေရဲ့။ ဗွက်ပေလည်းမတတ်နိုင်ဘူး ကိုယ်ကသူ့ကိုတွေ့ချင်နေတာကို။ ဒီလောက်တော့ စွန့်စားရမှာပေါ့။

ဘယ်လိုဖြစ်တာလဲ အကျႌတွေ ပုဆိုးတွေ ရွံ့ဗွက်တွေကိုပေလို့ ။ လမ်းမှာချော်လဲလာတာလား ။ အဲ့ဒါကြောင့် မိုးခြောက်မှအလည်လာပါလို့ မိချောကပြောတာ ” နှုတ်ခမ်းလေးစူပြီး စိုးရိမ်ပြရင်း ဧည့်ဝတ်ပြုနေတဲ့ မိရွှေချောကိုမြင်တော့ အမောတွေကိုပြေလို့။ အမူးကတော့ပြေသေးဘူး။ ” မိချောကိုမတွေ့ရရင်မနေနိုင်လို့ပါကွာ” ခပ်ညုညုလေးပြောလိုက်တော့ သဘောခွေ့သွားတဲ့ မိချောမျက်နှာမှာ ပန်းနုရောင်ရှက်သွေးလေးတွေ ဖြာလျက်။

”လာအိမ်ထဲဝင် ၊အိမ်မှာက ဘယ်သူမှမရှိကြဘူး ။ မိချောနဲ့ ဒေါ်လေးပဲရှိကြတာ ။အဖေနဲ့အမေက ရန်ကုန်ကိုသွားကြတယ်။” မိချောကရှေ့ကသွား ကျနော်ကသူ့နောက်လိုက်ရင်း ကြိတ်ပြီးပျော်နေမိတယ်။ အိမ်ထဲရောက်တော့ သူ့ဒေါ်လေးဒေါ်ဂျမ်းစိန်က ကုလားထိုင်ပေါ်တင်ပလ္လင်ချိတ်ပြီး ခတ်တည်တည်နဲ့ ဂရုမစိုက်တဲ့ပုံစံမျိုး။ ဒေါ်ဂျမ်းစိန်ဆိုတာက အပျိုကြီး ။ တစ်ရွာလုံးရဲ့အော့ကြောလန်။

အရပ်ပုပြီးအသားမဲသလောက် အလှအပအလွန်ကြိုက်နှစ်သက်သူ ။ မြှောက်ပင့်ပြောတတ်သူ ဟူသမျှသူနှင့်အဆင်ပြေသည်။”ဒေါ်လေး နေကောင်းလား ။ဒေါ်လေးဝတ်ထားတဲ့ အကျႌလေးကဒေါ်လေးနဲ့ သိပ်လိုက်တာပဲ” ဘာဝတ်ဝတ် ဘယ်လိုမှအချိုးမကျမှန်းသိပေမယ့် မချိသွားဖြဲ မနည်းပြုံးပြီး မျက်နှာချိုသွေးလိုက်ရသေး။ ဒီလိုဆိုလိုက်တော့ မိတ်ကပ်ကိုကာလာစုံခြယ်သထားတဲ့ ကြောက်စရာမျက်နှာကြီး ကျနော့ဘက်လှည့်ပြီး ”ဒေါ်လေးက အဝတ်အစားကအစ ကိုယ်နဲ့လိုက်ဖက်တာကိုပဲရွေးဝတ်တာကွဲ့” အသက်အရွယ်နဲ့မလိုက်ချွဲနွဲ့ပြောနေလိုက်တာ ကိုယ့်ရုပ်ကိုမှအားမနာ။

မျက်နှာကကျောက်ပေါက်မာတွေ မပေါ်အောင်မိတ်ကပ်တွေအတုံးလိုက်အတစ်လိုက်ဖို့ထားပြီး အပြင်ထွက်ကျမတတ်ပြူးကျယ်လွန်းတဲ့ မျက်လုံးတွေနဲ့ ပြုံးမပြဘဲပေါ်လွင်နေတဲ့ မလုံမခြုံအပေါ်သွားလေးချောင်းက မွဲခြောက်ခြောက်အသားအရေပေါ်မှာ ဖြူဖွေးခြင်းဂုဏ်ကိုဆောင်လျက်။ ”ဒေါ်လေးနဲ့လိုက်ဖက်ညီတဲ့ရုပ်ဆိုးဆိုးယောကျ်ားရှာမတွေ့သေးလို့အပျိုကြီးဖြစ်နေတာလား” ကျနော့စိတ်ထဲကပဲပြုံးပြီးမေးနေခဲ့မိတယ်။ ”အစ်ကို ခဏစောင့်။ အစ်ကိုစားဖို့ တစ်ခုခုကို အပြင်မှာသွားဝယ်လိုက်အုံးမယ်””နေပါစေ မိချော ။

အစ်ကိုမဆာပါဘူး။ မှောင်လည်းမှောင်တော့မယ်ဆိုတော့ မိချောတစ်ယောက်တည်း အပြင်သွားမှာစိတ်မချဘူး” ”ရပါတယ် ၊ မိချောမှာဓာတ်မီးပါပါတယ်။ဆိုင်ကလည်း အရှေ့ဘက်နှစ်အိမ်ကျော်မှာပဲ” ပြောပြောဆိုဆို တားမရတဲ့ဒေါ်ရွှေမိချောက ဓာတ်မီးဆွဲပြီးထွက်သွားလေပြီ။ ကျနော်လည်း ယောင်ရမ်းပြီးပြတင်းပေါက်ဝအထိလိုက်၍မိချောကျောပြင်ကိုကြည့်ပီး ငေးမိနေမိသည်။

အပြင်မှာမိုးသားမိုးစိုင်တွေတစ်ရိပ်ရိပ်ပြေးနေသည်။ မိုးနံ့လေးများ လေညှင်းနဲ့အတူပါလာ၏။ ညနေက ရဲဆေးတင်ထားတဲ့ ယမကာအရှိန်လေးက ခုထိမပြယ်ချင်သေး။ ခေါင်းထဲမှာ နောက်ကျိကျိရီဝေဝေအရှိန်က ခုထိစွဲထင်နေသည်။ ေဩာ် ..မိချောလေးရယ် ဒီအိမ်ကြီးထဲမှာ ဟိုအပျိုကြီးနဲ့နှစ်ယောက်တည်း မင်းမို့ထားခဲ့ရက်တယ်ကွာ။ ”မောင်လေး လာထိုင်လေ ၊လက်ဖက်သုတ်စားပါအုံး”အစောက မြှောက်ပင့်ပေးမိစကားကိုသဘောကျပြီး နောက်ထပ်မြှောက်ပင့်ပေးမယ့် စကားသံကိုမျှော်လင့်နေတဲ့ အပျိုကြီးက လောကွတ်ကောင်းနေလေရဲ့။

သက်ပြင်ရှည်ချပြီး မြှောက်ပင့်ပေးရမယ့့်စကားလုံးဆန်းကို စဉ်းစားရင်းလေးတွဲ့တွဲ့ခြေလှမ်းများဖြင့် ထိုင်ခုံဆီသို့ဦးတည်လာမိသည်။ ထိုင်ခုံပေါ်သို့ထိုင်ပြီး သူ့မျက်နှာကြည့်လိုက်တော့ ကျေနပ်စွာပြုံးနေတဲ့သူ့မျက်နှာက ကြည့်ခဲ့ဖူးတဲ့ကြောက်မက်ဖွယ် စုန်းမကားကိုပြန်လည်အမှတ်ရစေမိတယ်။ ”ခဏစောင့်အုံးမောင်လေး” ပြာပြာသလဲ မီးဖိုချောင်ခန်းထဲသို့ဝင်သွားလေ၏။ သူထွက်သွားမှ နေသာထိုင်သာရှိသွားလေသည်။

ပြန်ဝင်လာတော့ လက်ထဲမှာ GRAND တစ်လုံးပါလာလေသည်။ ”ဒါ မိချောတို့အဖေ မမရဲ့အစ်ကိုကြီးသောက်တဲ့ ပုလင်း ”ပုလင်းကို ကိုင်မြှောက်ပြရင်း ကျေနပ်စွာပြောလေသည်။ ”ရော့ ..မောင်လေး သောက်။ မမ ငှဲ့ပေးမယ် ”ပြောပြောဆိုဆို ခွက်ထဲငှဲ့၍ ကျနော့ဘက်သို့တိုးပေးလေသည်။ ” နေပါစေ ဒေါ်လေး..ကျနော်ကိုယ်တိုင်ငှဲ့ပါ့မယ် ”” မမ လို့ခေါ်လည်းရပါတယ်ကွယ် ၊ ဒေါ်လေးလို့ခေါ်တာက မမတို့နှစ်ယောက်ကြားမှာ သူစိမ်းဆန်နေသလားလို့” ကနွဲ့ကလျ ပြောနေတဲ့သူ့ပုံစံကြီးက ရွံစရာကောင်းလွန်းလှသည်။

ကျနော်လည်း စိတ်ကျဉ်းကျပ်နေတာနဲ့ သူငှဲ့ပေးတဲ့ အရက်ခွက်တွေကို တစ်ခွက်ပြီးတစ်ခွက် သောက်ရင်း မိချောလေးပြန်အလာကိုသာ စောင့်မျှော်နေမိတယ်။ သူကတော့ အရက်ခွက်ကလေးငှဲ့ပေးလိုက် ကျနော့မျက်နှာကိုပြုံးကြည့်လိုက် လက်ဖက်ခွက်ကလေး တိုးပေးလိုက်နဲ့ ကြည်နူးနေလေရဲ့ ။ ကျနော့မှာတော့ သူ့ကိုအရွဲ့တိုက်သောက်ရင်း ဒီဂရီတွေမြင့်ချင်သလိုလိုဖြစ်နေလေပြီ။ ထိုစဉ်ခဏ..”ဂျိမ်း..ဂျိမ်း..ဂျိမ်း….” ကျယ်လောင်သောမိုးခြိမ်းသံနှင့်အတူ လျှပ်စီးများဝင်းလက်သွားသည်။

လေပြင်းတိုက်သံများ၊ မိုးပေါက်များအဆက်မပြတ်သဲကြီးမဲကြီးရွာသွန်းလေပြီ။ တစ်ရွာလုံး လျှပ်စစ်မီးများလည်း ပြတ်တောက်သွားသည်။ တစ်ချက်တစ်ချက် လျှပ်စီးလက်သည့်အခိုက်အတန့်မှအပ ပတ်ဝန်းကျင်တစ်ခွင်လုံး မဲမှောင်နေသည်။ ”မမ ကြောက်တယ် မောင်လေးရယ် ” ပြောရင်း ကျနော့ဘေးရောက်လာသည်။ ကျနော် အတော်ကိုအနေကျပ်သွားသည်။ သူ့ဆီက ရေမွှေးနံ့ပြင်းပြင်းတွေကြောင့် ကျနော်ပိုပြီးမူးချင်လာပြီ၊ မထူးတော့ပြီ ၊။

မူးချင်မူးပါစေတော့ ။စိတ်ကကျဉ်းကျပ်လွန်းနေပြီ။ စားပေါ်က ပုလင်းကို မှန်းဆွဲပြီး ကုန်ခမန်းလိလိ မော့ချလိုက်သည်။ ပြီး..စားပွဲပေါ် ပုလင်းကိုပြန်အတင်… ”ဂျိမ်း..ဂျိမ်း..ဂျိမ်းဂျမ်း…….”လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး မိုးခြိမ်းသံကြားလေတော့ ကြောက်လန့်တကြားနဲ့ သူ့လက်အစုံက ကျနော့ကျောကိုသိုင်းဖက်ပြီး ရင်ချင်းကပ်လျက်အနေအထား။မိုးကသဲပါတယ်ဆို လေပြင်းတွေကတစ်ဝုန်းဝုန်းနဲ့ ပွဲကြမ်းနေသည်။ ”မမကို ပြန်ဖက်ထားပါ မောင်လေးရယ် မမ ကြောက်လွန်းလို့ပါ” အမှောင်ထဲမှာ ကြောက်လွန်းနေနဲ့သူ့မျက်နှာကိုမမြင်ရပေမယ့်စိတ်ကူးထဲမှာတွေးကြည့်ရုံနဲ့ ကြက်သီးမွေးညှင်းထလောက်စရာ။

”ဖယ်..ပေး..စမ်း..ပါ..ဗျာ ။ကျနော်..အရက်..သောက်..လို့..မပြီး..သေးဘူး” ကျနော့အသံတွေ ဝါးတားတားနဲ့မသဲကွဲချင်တော့။မူးနေပြီကိုး။ ဖက်ထားတဲ့ သူ့လက်တွေကို ဖယ်ချရင်း အရက်ပုလင်းကိုယူမယ်ပြင်တော့…”ပုလင်းကို မမ ယူပေးပါ့မယ်ကွယ်” လက်တစ်ဖက်က ကျနော့ကိုသိုင်းဖက်ထားရင်း ကျန်တစ်ဖက်ဖြင့်ပုလင်းကိုစမ်းတစ်ဝါးဝါးရှာဖွေနေစဉ် ..”ဂျိမ်း.ဂျိမ်း ..ချလွမ်….လွမ်…” ဒီတစ်ကြိမ်တွင်တော့ မိုးခြိမ်းသံနှင့်အတူ အရက်ခွက်ကလေး ကျကွဲသံပါ ရောယှက်သွားလေတော့သည်။

အိမ်ရှေ့ မှာ အော်ကြီးဟစ်ကြယ်နဲ့ ငိုသံကြားလို့ အိပ်ချင်မူးတူးဖြင့် လူးလဲထရင်း ပုဆိုးပြင်ဝတ်ပြီး အိမ်အပြင်သို့ထွက်ကြည့် လိုက်မိသည်။ မနေ့ကသောက်ထားတဲ့အရှိန်ကြောင့် ခေါင်းထဲမှာမကြည်မလင်ပဲ။ ကလေးဆိုးကြီးတစ်ယောက်လို အော်ကြီးဟစ်ကြယ်ငိုနေတဲ့သူကို သေချာကြည့်လိုက်မှ ”ဟိုက်…အပျိုကြီး ဒေါ်ဂျမ်းစိန်ပါ့လား ””ဒေါ်လေး..ဘာဖြစ်လို့လဲ” ကရုဏာသံလေးနှောပြီး မေးလိုက်မိသည်။

”ဘာအခုမှမသိချင်ယောင်ဆောင်နေတာလဲ… မင်း ညတုန်းကလေ ညတုန်းက ..အဟီး.ဟီး”သူ့စကားသူမဆက်နိုင် ရှိုက်ကြီးတစ်ငင်ငိုပါလေရော။ ”ပြောပြပါဗျာ ကျနော် ညတုန်းကဘာမှားခဲ့လို့လဲ” စိုးရိမ်ရမှာလားပျော်ရမှာလား မသိပေမယ့် မိချောလေးနဲ့မှားခဲ့တာဆိုရင်တော့ ကျနော်သိန်းထီပေါက်တာပဲ။ ”မှားတာပေါ့ ..မှားတယ်..မင်းသိပ်မှားတယ်….”သူ့အသံမှာ ဒေါသသံ မာနသံ ဝမ်းနည်းသံများရောနှောနေသည်။

သူ့တူမလေး ကျနော့လက်ထဲထည့်လိုက်ရမှာ နှမျောတွန့့်တိုပြီးဝမ်းနည်းနေတာလို့ပဲထင်တယ်။ ”ကျနော် ဘယ်သူနဲ့မှားခဲ့တာလဲ ..ဟင်” မချိုမချဉ်မျက်နှာပေးနဲ့မေးလိုက်တဲ့ ကျနော့အမေးကြောင့်ထင်သည်..မီးဝင်းဝင်းတောက်နေသော ဒေါသမျက်လုံးတစ်စုံဖြင့် ကျနော့ကိုစိုက်ကြည့်ရင်း ”ငါနဲ့မှားခဲ့တာ..မင်း ငါနဲ့မှားခဲ့တာဟဲ့..သေနာလေးရဲ့…အီးဟီးဟီး” ဟိုက်…အဲ့ဒါမှလွဲပြီ။ ကျနော့နဖူး မြွေပေါက်ပါပြီ ။ ဒါမဖြစ်နိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ။အရပ်ကတို့ရေ..ကျနော့ကိုကယ်ကြပါအုံး ။ ကျနော့ဘဝပျက်ပါပြီဗျ။

ဒီအပျိုကြီးကိုတော့ လက်မထပ်ပါရစေနဲ့ ။ ကျနော်လုံးဝမယုံဘူး..။ ကျနော်မူးနေတာမှန်ပေမယ့် သူနဲ့တော့ဘယ်နည်းနဲ့မှမမှားနိုင်ဘူး..”ဟုတ်ရဲ့လား ဗျာ…”မယုံသင်္ကာ နဲ့ ကျနော်မေးကြည့်လိုက်မိသည်။ ”ဟိုမှာကြည့်လိုက်..အီး..ဟီး..ဟီး”သူလက်ညှိုးညွှန်ရာကြည့်လိုက်တော့ ကျနော့အိမ်လှေကားခြေရင်းမှ ဖိနပ်တစ်ရံ။ ဖိနပ်ရဲ့ပင်ကိုယ်အရောင်မမြင်ရလောက်အောင် ရွံ့ဗွက်တွေပေကျံလို့။

သေချာကြည့်လိုက်မှ ဖိနပ်တစ်ဖက်က ကျနော့ဖိနပ်ဖြစ်ပြီး ကျန်တစ်ဖက်က သဲကြိုးပြတ်နေတဲ့ ဒေါက်မြင့်ဖိနပ်ဖြစ်နေတယ်။ ကျနော် သဘောပေါက်လိုက်ပါပြီ။ ကျနော်တို့ ဖိနပ်ချင်းမှားခဲ့ကြတာပေါ့ ။ ထင်တော့ထင်သား တစ်ခုခုလွဲနေပြီလို့။ မနေ့ညက မိချောတို့အိမ်ကအပြန် ဖိနပ်စီးရတာအဆင်မပြေဘူးလို့ထင်တော့အထင်သား။ ခေါင်းပေါ်ကအထုတ်ကြီးပြုတ်ကျခဲ့ပါပြီ။ ”အဲ့ဒါ ကိုသာဒင် ငါ့ကိုအမှတ်တရပေးခဲ့တာ။ ငါအမြတ်တနိုးတန်ဖိုးထားခဲ့တဲ့ပစ္စည်း။ ခုတော့ ပျက်စီးကုန်ပြီ။နင်ဘယ်လိုတာဝန်ယူမှာလဲပြော” ဝမ်းနည်း ပက်လက်ဖြင့် နှမျောတမ်းတဖြစ်နေသော ဒေါ်ဂျမ်းစိန်မှာ တကယ်သနားစရာပင်။

”ဟုတ်ကဲ့ယောက်ျားကောင်း ဆိုတာကိုယ့်အမှားကို တာဝန်ယူရဲတဲ့သတ္တိအပြည့်ရှိရမှာပေါ့ ။ ကျနော် တာဝန်ယူပါ့မယ်။ လကုန်ရက် လစာထုတ်တဲ့နေ့ ဒီဖိနပ်ထက်ကောင်းတဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံ ဒေါ်လေးအတွက်အဆင်သင့်ဖြစ်စေရပါ့မယ်။ ”ကျနော်တာဝန်ယူရဲ့တဲ့ယောကျ်ားကောင်းတစ်ယောက်ပါနော် ။ ငှဲ….ငှဲ…..ဖတ်ရှုပေးတဲ့ သယ်ရင်းတွေကို ကျေးဇူး အထူးပါလို့…..။

Credit: Apannpyay