ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးမယ့် WHO အဖွဲ့ ဝူဟန်မြို့ကို ရောက်ပြီ

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး တနှစ်ကျော်ကြာမှ စဖြစ်ရတဲ့ ဇာစ်မြစ်ကို ဆန်းစစ်မယ့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဝူဟန်ကို မနေ့က ရောက်ရှိသွားပါတယ်။ ဒီအချိန်မှာ ကမ္ဘာတဝန်းက လူ ၉၂ သန်းကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး နှစ်သန်းနီးပါး ကွယ်လွန်သွားရပါပြီ။

ဗိုင်းရပ်စ် ဘယ်ကစဖြစ်သလဲလို့ စုံစမ်းမယ့် ပညာရှင်အဖွဲ့ ဝူဟန်ကို ရောက်သွားချိန်မှာ ကမ္ဘာ့နိုင်ငံတွေဟာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ဒါမှမဟုတ် တတိယလှိုင်းနဲ့ ရင်ဆိုင်နေရပြီး စီးပွားရေးလည်း အရှိန်ကျရပါတယ်။ လူတွေကလည်း အသွား-အလာ အနေအထိုင် အကန့်အသတ်နဲ့ လှုပ်ရှားနေရပါတယ်။

အမေရိကား၊ သြစတေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန်၊ ရုရှား၊ နယ်သာလန်၊ ကာတာနဲ့ ဗီယက်နမ်စတဲ့ နိုင်ငံတွေက ပညာရှင်တွေပါဝင်တဲ့ ကမ္ဘာ့သုတေသီအဖွဲ့ တရုတ်နိုင်ငံ ရောက်ရှိသွားတာဖြစ်ပြီး တခြားလူတွေလိုပဲ ဒီသုတေသီတွေလည်း သီတင်းနှစ်ပတ် သီးခြားခွဲနေရပါမယ်။

အဲဒီကာလအတွင်း တရုတ်ပညာရှင်တွေနဲ့ ဗွီဒီယိုအွန်လိုင်းနဲ့ ဆွေးနွေးကြပါမယ်။ ပညာရှင် ၁၃ ဦး တရုတ်နိုင်ငံ ရောက်သွားပြီး အဖွဲ့ဝင်နှစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ် ခုခံနိုင်ရည် အားရှိ-မရှိ စစ်ဆေးတဲ့အခါ ခံနိုင်ရည် မရှိတဲ့အတွက် စင်ကာပူမှာ ကျန်ခဲ့တယ်လို့ WHO twitter မှာ ဖော်ပြပါတယ်။

ဒီမတိုင်ခင် WHO အဖွဲ့ဝင် နှစ်ယောက်ကို ဗီဇာကိစ္စအကြောင်းပြပြီး ဝင်ခွင့်မပေးတဲ့အတွက် စိတ်ပျက်ရတဲ့ အကြောင်း WHO အကြီးအကဲက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်နှစ်ယောက် ပါဝင်တဲ့ WHO ရှေ့ပြေးအဖွဲ့ တရုတ်နိုင်ငံကို မနှစ်က ဇူလိုင်လမှာ ရောက်ခဲ့ပေမဲ့ ပေကျင်းပဲ ရောက်ခဲ့ပြီး ဝူဟန်ကို မရောက်ခဲ့ရပါဘူး။

ပညာရှင်တွေ ဝင်ခွင့်ရဖို့ သံတမန်နည်းလမ်းနဲ့ လပေါင်းများစွာ ကြိုးစားရပြီးတဲ့နောက် သမ္မတ ရှီကျင့်ဖျင်ရဲ့ ခွင့်ပြုချက်နဲ့ WHO ပညာရှင်အဖွဲ့ ဝူဟန်ကို သွားရောက်ခွင့်ရသွားတာပါ။

WHO အဖွဲ့ရောက်လာတဲ့သတင်းနဲ့အတူ တရုတ်နိုင်ငံမှာ ၈ လအတွင်း ပထမဆုံးအကြိမ်အဖြစ် covid-19 ရောဂါနဲ့ လူတယောက်သေဆုံးတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။

တရုတ်နိုင်ငံဟာ အသွား-အလာ အဝင်-အထွက် အထူး တင်းကြပ်တဲ့အပြင် လူတယောက်မှာ ပိုးတွေ့ပြီဆိုရင် အနီးတဝိုက်က လူတွေကို ပိုးကူးခံရတာရှိ-မရှိ အလုံးအရင်းနဲ့ စစ်ဆေးပြီး ခရီး အသွားအလာ ကန့်သတ်တဲ့အတွက် ကူးစက်နှုန်း ထိန်းနိုင်ခဲ့ပေမဲ့ မကြာခင် သီတင်းပတ်တွေမှာ ဗိုင်းရပ်စ် ကူးစက်လူနာသစ်တွေ တွေ့ရပါတယ်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းမှာ ကူးစက်ပါတယ်။

ဒါတင်မက တနေ့တည်း အတည်ပြုလူနာသစ် ၁၃၈ ယောက်တွေ့ရလို့ ပြီးခဲ့တဲ့နှစ် မတ်လကစလို့ အများဆုံး ကူးစက်တဲ့ဦးရေ ဖြစ်တယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်က မနေ့က ပြောပါတယ်။ ၁၂၄ ယောက်က ပြည်တွင်းက လူတွေ ကူးစက်တာဖြစ်ပြီး ပေကျင်းမြို့တော် တဝိုက်ကပဲ လူနာသစ် ၈၁ ယောက် ထပ်တွေ့ရပါတယ်။ ပေကျင်းကနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပြီး ဗိုင်းရပ်စ် စတင်ဖြစ်ပွားတဲ့ ဝူဟန်မြို့ရှိတဲ့ ဟူဘေးပြည်နယ်က အလယ်ပိုင်းမှာ ရှိပါတယ်။

ဗိုင်းရပ်စ်ဟာ လင်းနို့ဒါမှမဟုတ် တခြားတိရစ္တာန်ကနေ လူဆီကူးတယ်လို့ ပညာရှင်တွေက ယူဆပါတယ်။ တရုတ်အာဏာရ ကွန်မြူနစ်ပါတီကတော့ ပြည်ပက တင်သွင်းတဲ့ ပင်လယ်စာက ဖြစ်နိုင်တယ်လို့ ပြောပေမဲ့ နိုင်ငံတကာက ဒါကို လက်မခံပါဘူး။ တချို့ကလည်း ဝူဟန် ရောဂါပိုးမွှားဗေဒ ဓာတ်ခွဲခန်းကနေ ဗိုင်းရပ်စ် စဖြစ်ပွားတယ်လို့ ပြောပါတယ်။

ခု ဝူဟန်ကို ရောက်သွားတဲ့ WHO အဖွဲ့ဟာ ဝူဟန်ရောဂါပိုးမွှားဌာနကို သွားရောက်နိုင်မလားဆိုတာ မသိရသေးဘူးလို့ CNN သတင်းမှာ ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လူကလူကို ကူးတယ်ဆိုတာ နောက်ပိုင်းမှာ သိရတာဖြစ်ပြီး ဒီမတိုင်ခင်ကတည်းက ဗိုင်းရပ်စ် စတင်ဖြစ်ပွားတယ် ဆိုတဲ့ ဝူဟန်က ပင်လယ်စာတွေ ရောင်းချတဲ့ဈေးကို တရုတ်အာဏာပိုင်တွေက ပိုးကင်းစင်အောင် လုပ်ထားပြီးနှင့်နေပါပြီ။

တရုတ်နိုင်ငံဟာ မနှစ်က နိုဝင်ဘာလကစလို့ သူ့နိုင်ငံကိုလာမယ့်လာသူတွေကို ကိုယ်ခံအားကောင်း-မကောင်း နဲ့ ပိုးရှိ-မရှိစစ်ပြီး ကင်းရှင်းမှ ဝင်ခွင့်ပေးပါတယ်။ WHO က စေလွှတ်တဲ့ သိပ္ပံပညာရှင်တွေလည်း အရင်က စစ်ထားပြီး ထပ်မံစစ်ဆေးတဲ့ အခါလည်း ပိုးကင်းစင်တယ်လို့ ပြောပါတယ်။

စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းခံကို စုံစမ်းမယ့် WHO ပညာရှင်အဖွဲ့ တကယ့်အချက်အချာ ဝူဟန်ကို ရောက်ခွင့်ရချိန်မှာ ပိုမြန်မြန်ဆန်ဆန် ကူးစက်နိုင်တဲ့ ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲသစ်က သတင်းတွေအရ နိုင်ငံ ၃၀ ကျော်ကို ရောက်နေပါတယ်။ အထူးသဖြင့် ကမ္ဘာ့မြောက်ခြမ်းမှာ ပိုကူးစက်နေတာမို့ ကပ်ရောဂါ ဒုတိယနှစ်ဟာ ပိုလို့ ခက်ခဲကောင်း ခက်ခဲနိုင်ဖွယ်ရှိတယ်လို့ WHO ကျန်းမာရေး အရေးပေါ်အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Dr. Mike Ryan က twitter ကနေ သတိပေးပါတယ်။

ဘရာဇီးလ်နိုင်ငံမှာ ဗီဇပြောင်းဗိုင်းရပ်စ် အသစ်တွေ့ရတဲ့နောက် လက်တင်အမေရိက နိုင်ငံက လူတွေကို နိုင်ငံထဲဝင်ရောက်ခွင့်မပေးဖို့ ဗြိတိန်နိုင်ငံက ဆုံးဖြတ်လိုက်ပါတယ်။ ဗြိတိန်ဟာ ကမ္ဘာမှာ ၄ နိုင်ငံမြောက် ဗိုင်းရပ်စ် အများဆုံး ကူးစက်ခံထားရတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကားမှာ အများဆုံး ကူးစက်-သေဆုံးနေပြီး လာမယ့် သီတင်းသုံးပတ်မှာ လူ ကိုးသောင်းကျော် သေဆုံးနိုင်တယ်လို့ CDC အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့က ခန့်မှန်းထားပါတယ်။