ကိုဗစ်ကုသရေး မြေအောက်လှုပ်ရှားမှု ထွက်ပေါ်လာ

စစ်အာဏာသိမ်းအဖွဲ့က ကိုဗစ်ကုသရေးအတွက် အရေးတကြီး လိုအပ်နေသောအောက်စီဂျင်ကို လူထုထံမရောက်ရှိအောင် ဟန့်တားမှုများပြုလုပ်ခဲ့သဖြင့် မသေသင့်ဘဲသေဆုံးသွားခဲ့ရသူများ ရှိလာနေချိန်တွင် ပရဟိတသမားများက အောက်စီဂျင် အိုးများကို အတားအဆီးများကြားမှ ရအောင်ရှာဖွေစုဆောင်းပြီး လိုအပ်သူများထံ တတ်နိုင်သမျှဖြန့်ဖြူးပေးနေသည့် မြေအောက် လှုပ်ရှားမှုထွက်ပေါ်လာနေသည်ဟု ရိုက်တာသတင်းတွင် ဖေါ်ပြထားသည်။ ရိုက်တာကြေးနန်းသတင်းကိုလည်း ကမ္ဘာ အထင်ကရသတင်းစာကြီးများက ကူးယူဖေါ်ပြခဲ့ကြပြန်သည်။

ပုန်းအောင်းနေရသော ဆရာဝန်များသည်လည်း ခိုးကြောင်ခိုးဝှက်ဖြင့် အိမ်တိုင်ယာရောက်လိုက်လံကြည့်ရှုပေးနေသည်။ အခြေအနေများမှာ ၂၀၀၈ အတွင်း ဖြစ်ပေါ်ခဲ့သော နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခံရစဉ်ကနှင့် အလားသဏ္ဌာန်တူနေပေသည်။ ထိုအချိန်ကလည်း ၎င်းတို့ကိုယ်နှိုက်ကမည်သို့မျှ အကူအညီမပေးဘဲ စောင့်ကြည့်နေခဲ့သည့်အပြင် ကူညီရန် ရောက်လာသော ပရဟိတသမားများအား အဝင်မခံ၊အလှူငွေ ထည့်ဝင်သူများပါ အဖမ်းခံခဲ့ကြရပြီးဖြစ်သည်။ ယခုကဲ့သို့လျို့ဝှက် အကူအညီများပေးခဲ့ကြရသည်။

နောက်ဆုံးတွင်အာဆီယံမှ အတင်းဝင်ရောက်ကူညီခဲ့သဖြင့် အလျော့ပေးလိုက်ကြရသည်။ ယခုအခါအာဏာသိမ်းအဖွဲ့ကို အသိအမှတ်မပြုကြတော့သဖြင့် မည်သူမျှထွက်မလာကြတော့၊ အကူအညီပေးမည့်လူများကလည်း ကုလသမဂ္ဂအဖွဲ့အစည်းများ မှ တဆင့်သွားနေကြသည်။

နိုင်ငံတော်အတိုင်ပင်ခံသည် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့၍ ပြည်ပမီဒီယာများကပင် ဗုဒ္ဓဘာသာ နိုင်ငံဖြစ်နေ၍လားဟု တအံ့တဩရေးသားလာကြသည်။ ကူးစက်ပျံ့နှံ့သူအရည်အတွက်ကိုပင် မယုံမကြည် သဘောထားလာကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့အဆင်မီကာကွယ် ဟန့်တားနိုင်ခဲ့မှုအပေါ် တလေးတစားရှိလာခဲ့ကြသည်မဟုတ်ပါလား။ ၂၀၂၀ ဇူလိုင်လ အီကော်နော်မစ် မဂ္ဂဇင်းတွင် မြန်မာပြည်၌ ၃၁၇ ဦးသာကူးစက်ခံရပြီး ၆ ဦး သေဆုံးသွားခဲ့သည်အထိ အောင်မြင်စွာဟန့်တားနိုင်ခဲ့သည်ဟု ရေးသားထားခဲ့သည်။ ထိုကာလများအတွင်း အီကွေဒေါလို နိုင်ငံတွင်ပင် ကိုဗစ်ကြောင့် အလောင်းများတောင်ပုံရာပုံ ဖြစ်သွားခဲ့ရသည့် အချိန်လည်းဖြစ်သည်။

တနိုင်ငံလုံး ကြောက်မက်ဖွယ် ကောင်းလှသော ကပ်ရောဂါဆိုးကြီး ကျရောက်နေချိန်တွင် ပြည်သူများအဖို့ မိမိတို့အား ကူညီပေးမည့် အစိုးရတရပ် မရှိတော့ဟူ၍ လည်း ယူဆလာကြပြီ ဖြစ်၍ ပရဟိတသမားများက အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ၎င်းတို့ အန္တရာယ်ကို ရှောင်ရှားပြီး ကူညီပေးနေကြရခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ကောလင်း မြို့လူထုက ၎င်းတို့ အစီအစဉ်ဖြင့် ဒေါ်လာ ၃၀,၀၀၀ တန် အောက်စီဂျင် ဂျင်နရေတာ ကိုတရုတ်ပြည်မှ မှာယူ တင်သွင်းနိုင်ရန် အလှူငွေ ကောက်ခံလျှက် ရှိသည်။

ကမ္ဘာပေါ်ရှိ ပုံမှန် အနေအထား ရှိသော အစိုးရများပင် မနိုင်ရင်ကာ ရုန်းကန်နေရချိန်တွင် ၎င်းတို့ကဲ့သို့ ရရာ စား စားအုပ်ချုပ်နေရသူများ အဖို့က ဆိုဖွယ်ရာ မရှိတော့ပြီ။

မင်းအောင်လှိုင်သည် ကြက်ဥ အလုံအလောက်ရှိသည်။ အောက်စီဂျင် ရမည်ဟု လေလုံခန်းထဲမှ ပြောဆိုနေ သော်လည်း ကွာရန်တင်း စင်တာများ တွင် အောက်စီဂျင် အလုံအလောက်ထားပေးပြီး ရောက်လာသော လူနာ များကို လိုအပ်သလို လက်ခံ ကုသပေးရန် စီစဉ်နိုင်ခြင်း မရှိတော့ပေ။

မင်းအောင်လှိုင်အဖို့က အိမ်မက်ဆိုးကြီး တကျော့ပြန်လာနေပြီ ဖြစ်သည်။ ၎င်း၏ အဖွဲ့ကို ယုံကြည်စိတ်ချခြင်း မရှိ၍ အားမကိုးကြ၊ ကြောက်လန့်နေကြသည့် အဖြစ်ကို မိမိတို့အား နိုင်ငံရေး အရ ထိုးနှက်ခြင်းဟု တလွဲ ယူဆ လာကြပြီး လိုက်လံ ဖိနှိပ်လာခဲ့ခြင်း ဖြစ်သည်။ လူထုကြီးသည် ကိုဗစ် အား အကြောင်းပြုကာ ပြန်လည် ခေါင်း ထောင်လာမည်ကို အထူးစိုးရိမ်လာနေသည်။ ကိုဗစ် အကြောင်းပြု၍ မိမိအား ထောက်ခံမှု ရေချိန် မြင့် တက်လာ အောင်လည်း စွမ်းဆောင်နိုင်မှု မရှိသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်သည် သူ၏ သမ္မတ ဖြစ်ရေး ရည်မှန်းချက်ကို မဖုံးမကွယ် ထုတ်ပြောထားခဲ့ပြီ ဖြစ်၍ သူ၏ ဆောင်ရွက်မှုများသည် သူ့အတွက် နိုင်ငံရေး ဖက်တွင် အရေးသာမည်ကိုသာ စဉ်းစားပြီး တပ်မတော် တခုလုံးကို တောက်လျှောက် အသုံးချလာခဲ့သူ ဖြစ်သည်။

ထိုသို့သော အနေအထားတွင် မင်းအောင်လှိုင်သည် စစ်တပ်အတွင်း သူသိ သူတတ် အမျှော်မြင် ရှိသူ အဖြစ် အယောင်ဆောင်ထားသဖြင့် အောက်ခြေ စစ်ဗိုလ်ချုပ်များ နှင့် ဆွေးနွေး တိုင်ပင်ခြင်း မရှိ၊ သို့သော် အရပ်သား အလိုတော်ရိများ၏ အကြံဉာဏ်များကိုတော့ နားထောင်နေပုံရှိသည်။ အရပ်သား အလိုတော်ရိများက ယခင် အာဏာသိမ်းယူခဲ့ပုံမျိုး နှင့် တလလောက်အတွင်း အခြေအနေများ ပြန်လည် တည်ငြိမ်သွားမည်ဟု ယူဆခဲ့ ကြသူများ ဖြစ်သည်။ ယခုအခါ စစ်ဗိုလ်ချုပ်များ နှင့် အတူ နွံအိုင်ထဲ သက်ဆင်းရဖို့ ဖြစ်လာနေသည်။ ထိုသို့ ၎င်းတို့ အသက်နှင့် ကိုယ် အိုးစားကွဲမည့် အရေးကို မြင်လာနေ၍ ဖြစ်နိုင်သမျှ နှိပ်ကွပ်ရန်၊ ဂယ်ပေါက် မှန်သမျှ ပိတ်ဆို့ရန် သာသာထိုးထိုး ပြောဆိုနေကြပုံရှိသည်။

ထို့အတွက်လည်း သူရိယနေဝန်း အယ်ဒီတာကို ယုံယုံကြည်ကြည် ပွဲထုတ်လာကာ တပ်တွင်းမှ ဗိုလ်ချုပ်၊ ဗိုလ်မှူး များအထိ ဘုရားဟော ကျမ်းဂန် အလား မဖြစ်မနေ နားထောင်ခိုင်းခဲ့ခြင်းကပင် သိသာနေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက ၎င်းတို့ကို ဟောပြောပို့ချနေရသည့်အဖြစ်ကလည်း အလိုလိုနေရင်း မိမိတို့သည် ငတုံး ငအများသာ ဖြစ်သည်ကို ဝန်ခံပြနေသလို ဖြစ်ခဲ့ရသည်။

ခြောက်လထဲ ရောက်ရှိလာနေသော်လည်း စီးပွားရေး အတွက် အရေးတကြီး လိုအပ်နေသော ပြည်ပ ရင်းနှီး မြုပ်နှံမှုများက မည်သို့မျှ မျှော်လင့်၍ မရတော့သည့်အပြင် ရှိပြီးသား ကုမ္ပဏီများကလည်း ထွက်ရန် ဆိုင်းပြင်း လာနေသည်။ ထို့အပြင် အစိုးရနှင့် ချုပ်ဆိုထားသော သဘောတူညီချက်များကို ဖေါက်ဖျက်ခဲ့ကြသဖြင့် နစ်နာ ခဲ့ရသည်များအတွက် ပြည်ပ တရားရုံးများတွင် တရားစွဲဆိုရန်အထိ ကြံစည်လာကြလေသည်။

ဥပမာ ပြည်ပ တရားရုံး တခုခုမှ နစ်နာခဲ့ရသည်များကို လျှော်ကြေးပေးရန် ဆုံးဖြတ်ခဲ့လျှင် ပေးမည် မဟုတ် သော်လည်း ပြည်ပသို့ ရောက်ရှိလာသော မြန်မာပိုင် သင်္ဘော၊ လေယာဉ် အစရှိသည့် သိမ်းယူနိုင်သမျှ ပစ္စည်း များကို သိမ်းယူနိုင်ပေသည်။ ထိုဖြစ်ရပ်များကို အာဂျင်တီနား နှင့် ဗင်နီဇွဲလား အစိုးရတို့ ရင်ဆိုင် ခဲ့ကြရပြီး ဖြစ်သည်။

အချို့ ကုမ္ပဏီများကလည်း ပြည်တွင်းတွင် အခြေကျနေပြီ ဖြစ်၍ ယခုအထိ ကြိတ်မှိတ်သည်းခံနေကြဆဲ ဖြစ်သည်။ ထိုသို့ သော ကုမ္ပဏီများက ပြည်သူများဖက်မှ အောင်ပွဲခံလိမ့်မည်ဟု ယုံကြည်နေကြ၍လည်း ဖြစ်ပုံရသည်။ ဤအထဲတွင် ဂျပန်ပိုင် ကူဘိုတာ လည်း ပါဝင်နေသည်ဟု သိရသည်။

၎င်းတို့ အတွက် လိုအပ်နေသော စစ်လက်နက်များ ဝယ်ယူရေး အတွက် ပြည်ပရင်းနှီးမြုပ်နှံမှု ရရှိဖို့က အဓိက ဖြစ်နေသည်။ စစ်လက်နက်များကလည်း နောက်ဆုံးပေါ် ကို ဝယ်ယူနိုင်ခြင်းမရှိသည့်အပြင် အသစ်စက်စက်ပင် ဆယ်နှစ် အတွင်း ခေတ်ကုန်သွားတတ်စမြဲ ဖြစ်သည်။

အနီးဆုံး ဥပမာ ပြရလျှင် စားဖို့သောက်ဖို့ အလျှင်မီအောင် ရုန်းကန်နေရသော မိသားစုထဲ မှ တဦးသည် ကိုယ်ထက် ပြေလည်သူများ ကဲ့သို့ နောက်ဆုံးပေါ် အဝတ်အစားများ ဝယ်ယူရန် ကြံစည် တွေးတောနေသလို ဖြစ်နေသည်။

မြန်မာ ပြည်သူများ အဖို့က ကမ္ဘာတွင် မကြုံစဖူးအောင် covid & coup ဆိုသည့် 2C ကပ်ကြီးနှင့် ရင်ဆိုင်နေကြရ ပြီ ဖြစ်သည်။ ယင်းနှင့် အတူ အာဏာသိမ်း အဖွဲ့သည်လည်း direct killing, indirect killing ဆိုသည့် ရာဇဝတ် မှုများ နှင့် ရင်ဆိုင်နေကြရသည်။

ပွင့်ပွင့်လင်းလင်း သုံးသပ်ရမည်ဆိုလျှင် အန်ကယ် ဆမ် တို့ အဖွဲ့က နိုင်ငံတွင်း လက်ရှိ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေမှုကို ကြိတ်၍ သဘောကျနေပုံရှိသည်။ ထိုသို့ အနေအထား မျိုး နှင့် တရုတ် တို့ နိုင်ငံတွင်း ခြေမချရဲ အောင် ထိန်းထားနိုင်မည် ဟု ယူဆထားနိုင်သည်ကို မိမိတို့ဖက်မှ တွက်ဆထားသင့်သည်။ တရုတ် အစိုးရကတော့ မင်းအောင်လှိုင် တို့ဖက်က နိုင် နိုင်သည်ဟု ယူဆကာ လောင်းကြေး ထပ်နေဆဲပင် ဖြစ်သည်။

သို့သော် ထိုသို့သော အနေအထားမျိုးက ရုတ်ခြည်း ပြောင်းလဲသွားနိုင်ပေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Hla Soewai